သဲကုန်းမှာ စစ်ကောင်စီတပ်က လူငယ် ၁၀ ဦးကို ဆက်တိုက်ဖမ်းဆီးသွားလို့ မြို့ခံလူငယ်တွေ တိမ်းရှောင်နေရ

သဲကုန်းမှာ စစ်ကောင်စီတပ်က လူငယ် ၁၀ ဦးကို ဆက်တိုက်ဖမ်းဆီးသွားလို့ မြို့ခံလူငယ်တွေ တိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ရွာမှာစစ်ကောင်စီတပ်က လူငယ်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် ရွာခံလူငယ်တွေ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက်ကစလို့ ဝက်ပုတ်ကျေးရွာ ရန်ကုန် - ပြည်လမ်းတလျှောက်က ရွာမရပ်ကွက်၊ ချောင်းနားရွာနဲ့ ရွာသာလှရွာက အသက် ၄၀ အရွယ်အမျိုးသားနဲ့ လူငယ် ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးထားပြီး ဆက်လက်ဖမ်းဆီးမှုတွေ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် တိမ်းရှောင်နေကြတာလို့ သိရပါတယ်။

“ပေါင်းတည်က နတ်ပုတီးရွာမှာ ဒလန် ၂ ယောက် အသတ်ခံရတဲ့နေ့ကစပြီး ပစ်ခတ်တဲ့သူတွေက ဝက်ပုတ်ရွာဘက်ကို ပြေးသွားတယ်ဆိုပြီး ဝက်ပုတ်ရွာကိုမဲနေတာ။ လုပ်တဲ့အဖွဲ့က သူတို့ လက်ချက်ပါလို့ ကြေညာထားပြီးသားကို ခုတော့ လူငယ်အတော်များများက အိမ်မှာမနေရဲလို့ ရှောင်နေကြရတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။

တိမ်းရှောင်နေကြသူတွေဟာ စစ်တပ်ကဖမ်းဆီးသတ်ဖြတ်မှာကို စိုးရိမ်ကြသူတွေရှိသလို အပြစ်မရှိဘဲ ဖမ်းဆီးခံပြီးမှ ငွေတောင်းယူကာ ပြန်လွတ်တာမျိုးတွေရှိလို့ ကြိုတင်တိမ်းရှောင်ကြတာလည်း ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

ဇူလိုင် ၃ ရက်ကလည်း ပေါင်းတည် PDF က သဲကုန်းမြို့နယ်အစပ် ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်မှာ   ဘန်နာချိတ် ဗုံးဖောက်ခွဲချိန်ကလည်း ဝက်ပုတ်ရွာအနီး မအူပင်ကွေ့ရွာက လူငယ် ၂ ဦးကိုဖမ်းကာ ငွေတောင်းယူပြီးမှ ပြန်လွတ်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၂ ရက်မနေ့ကတော့ စစ်ကောင်စီတယ်လီဂရမ်မှာ သဲကုန်းမြို့နယ် အတွင်းဗုံးထောင်နေတဲ့ PDF လူငယ် ၂ ဦးကို စစ်တပ်က အသေဖမ်းဆီးနိုင်ခဲ့တယ်ဆိုကာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်အပေါ်မှာလည်း ဖမ်းဆီးခံရသူတွေကို အကြောင်းပြပစ်သတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား ဝေဖန်ပြောဆိုနေသလို စိုးရိမ်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်က သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ဈေးအနီးမှာ ဆိုင်ကယ်စီးလာတဲ့ နယ်ထိန်းရဲတဦးနဲ့ အငြိမ်းစားရဲအရာရှိတဦးကို ပေါင်းတည် PDFက သေနတ်နဲ့ပစ်ခဲ့လို့ နယ်ထိန်းသေဆုံးကာ အငြိမ်းစားရဲ ဒဏ်ရာရှိခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း

 #မြေလတ်အသံ 

#ပဲခူး #သဲကုန်း #ဒေသခံ #စိုးရိမ်နေရ #ဖမ်းဆီးမှု #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10