သဲကုန်းမှာ နယ်ထိန်းရဲတဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်ဆံတွေ သိမ်းဆည်း

သဲကုန်းမှာ နယ်ထိန်းရဲတဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ်နဲ့ကျည်ဆံတွေ သိမ်းဆည်း

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဗြဟ္မာ့အင်းကျေးရွာအုပ်စုရဲ့ တာဝန်ကျ နယ်ထိန်းရဲကို ဧပြီလ ၁၉ ရက်မနေ့ နေ့လည် ၂ နာရီခွဲခန့်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -TPDF၊ ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၂ တပ်ခွဲ ၄ မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရသူမှာ နယ်ထိန်းရဲတပ်သား ဇေယျာအောင် ဆိုသူဖြစ်ပြီး သဲကုန်းမြို့ကနေ ဗြဟ္မာအင်းရွာကို ဆိုင်ကယ်နဲ့တဦးတည်းမောင်းလာချိန် ကွင်းကြီးကျေးရွာအနီး တောစပ်မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။


"သူလာမယ်ဆိုတာကိုသိလို့ စောင့်ဖမ်းတာ။ သူ့ကိုလက်နက်ချဖို့ ပြောတာမချဘူး။ ကျနော်တို့က သူ့ကို အရှင်ဖမ်းချင်တာကို ပြန်ခုခံတာနဲ့ ပစ်လိုက်ရတာ ပွဲချင်းပြီး သေသွားတယ်" လို့ TPDF တပ်ခွဲ ၄ က တပ်ခွဲမှူး ဗိုလ်ဆူးထက်က မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဆီးစပ်၊ နားထင်နဲ့ ရင်ညွန့်တွေကို ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး သူ့ဆီကနေ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၉ တောင့်၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ လက်ထိပ်ကွင်း ၁ ခုနဲ့ လွယ်အိတ် ၁ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

TPDFရဲ့ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့ဝင်တွေ စစ်သားတွေအနေနဲ့ စစ်ကောင်စီ အလိုကျ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နဲ့ ဌာနဆိုင်ရာတွေလည်း ဌာနလုပ်ငန်း အဆင်ပြေရေးကိုဦးစားပေးပြီး ပြည်သူကိုမငဲ့ညှာဘဲ စစ်ကောင်စီအလိုကျ ဝင်ငွေလမ်းကြောင်းရအောင် ထောက်ပံ့ဆောင်ရွက်ပေးနေတာ စတဲ့ ပူးပေါင်းလုပ်ဆောင်တာတွေကို ရပ်တန့်ဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုနဲ့ ပူးတွဲသွားလာတာတွေ မလုပ်ဖို့ ဖော်ပြထားပါတယ်။

ပြည်ခရိုင်အတွင်းမှာ ဧပြီလ ၁၉ ရက်မနေ့ နေ့ခင်းပိုင်းမှာပဲ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုအေးနိုင်ကိုလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နွေဦး အဖွဲ့)က သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။
 စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10