သဲကုန်းမှာ ရာအိမ်မှူး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သဲကုန်းမှာ ရာအိမ်မှူး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က စစ်ကောင်စီလက်အောက် ကျေးရွာရာအိမ်မှူး ၁ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူမှာ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာက အသက် ၆၀ နှစ်အရွယ် ရာအိမ်မှူး ကိုအေးထွန်း ဖြစ်ပြီး ၎င်းယာခင်းတဲမှာရှိချိန် ဒီဇင်ဘာ ၈ မနက်အစောပိုင်း ၁ နာရီခွဲကျော်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ မဖြစ်သာလို့ ရှင်းလိုက်ရတာပါ။ သူနေ‌တဲ့ယာတဲမှာပဲ သေနတ်နဲ့ ၃ ချက် ပစ်သတ်ခဲ့တာပါ။ ပွဲချင်းပြီးသေပါတယ်။ ပကဖအနေနဲ့ အမြဲသတိပေးနေတဲ့ကြားက ဇွတ်တိုးလုပ်နေတဲ့သူတွေက ရှိနေတုန်းပါပဲ။“ လို့ သဲကုန်းမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုအေးထွန်းဟာ စစ်မှုထမ်းကိစ္စမှာငွေကောက်တာ၊ စစ်မှုမထမ်းလိုသူတွေဆီက ငွေညှစ်တာ၊ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားရှိတဲ့ အိမ်ထောင်စုတွေကို ၎င်းဆန္ဒနဲ့ ချန်လှပ်ထားတာတွေလုပ်တဲ့အပြင် ၎င်းကြောင့် PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရပြီး တပ်ဖွဲ့ဝင်ရဲဘော်အချို့နေအိမ်တွေ စောင့်ကြည့်ခံနေရသလို ကျောင်းနေအရွယ် ကလေးတချို့ပါ မိသားစုနဲ့အတူရှောင်တိမ်းနေရတာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

ကိုအေးထွန်းဟာ စစ်ကောင်စီတပ်နဲ့ပေါင်းကာ ပြည်သူကို နည်းမျိုးစုံနဲ့ မတရားမှုတွေပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားတာတွေရှိလို့ အချိန်ယူစောင့်ကြည့်ပြီး ရပ်တန့်ဖို့သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိလို့ ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးဒလန်တွေအနေနဲ့ မတရားစစ်မှုထမ်းစု‌ဆောင်းတာ၊ ငွေကောက်ခံတာနဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူကို မည်သည့်နည်းလမ်းနဲ့မဆို ဒုက္ခပေးတာတွေလုံးဝမလုပ်ဖို့လည်း သတိပေးရေးသားထားပါသေးတယ်။‌

ဒီဇင်ဘာ ၁ ရက်ကလည်း ဖခင်ဖြစ်သူ ဓါးသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုစိုးကြီးကို သတ်သွားတဲ့ PDF ကို လက်စားချေမယ်ဆိုတဲ့ အသက် ၂၀ နှစ်ကျော်အရွယ် ပျူစောထီးညီအကို မျိုးကိုကိုနဲ့ ထက်ကိုကိုတို့  ၂ ဦးလည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။

ပုံစာ - သေဆုံးသူ ရာအိမ်မှူး ကိုအေးထွန်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #ရာအိမ်မှူး #ပစ်ခတ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10