သဲကုန်းမှာ အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့  သတင်းပေးဆိုသူ ဂျက်မ သေနတ်နဲ့ပစ်သတ်ခံရ    ■နတ်တလင်းမှာလည်း သတင်းပေးဆိုသူအမျိုးသား ၁ ဦး အသတ်ခံရ

သဲကုန်းမှာ အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့  သတင်းပေးဆိုသူ ဂျက်မ သေနတ်နဲ့ပစ်သတ်ခံရ ■နတ်တလင်းမှာလည်း သတင်းပေးဆိုသူအမျိုးသား ၁ ဦး အသတ်ခံရ

 

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ် ၂ ခုမှာ ၃ ရက်အတွင်း အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ စစ်တပ်သတင်းပေးဆိုသူ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၅ ရက် ညနေပိုင်းမှာ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ဝင်းဘရားသားရပ်ကွက် အုပ်ချုပ်ရေးမှူးကိုမင်းသွင်ကို  ရပ်ကွက်လမ်းပေါ်မှာ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ရရှိဒဏ်ရာတွေကြောင့် ပြည်မြို့ဆေးရုံကိုပို့ဆောင်ထားရတယ်လို့ PPDF က ပြောပါတယ်။

 အလားတူ အဲ့ဒီ နေ့မနက်ပိုင်းမှာပဲ  သဲကုန်းမြို့နယ်၊ညောင်ကုန်းအုပ်စု၊ ရွာသစ်ကုန်းရွာက စစ်တပ်သတင်းပေးဆိုသူ အသက် ၃၅ နှစ်အရွယ် ဂျက်မကို သူရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ ဂျက်မတို့က လင်ရောမယားရောသတင်းပေးလုပ်တာ၊ သူတို့အမြင်မကြည်သူဆိုရင် စစ်တပ်နဲ့ရဲကို ဖမ်းခိုင်းတာမျိုးလည်းရှိတယ်၊ ပြီးတော့သူတို့က ပွဲစားလုပ်ပြီး ပြန်ထုတ်ပေးကြတယ်၊ သူတို့အိမ်ကို စစ်သားတွေလည်း အဝင်အထွက်ရှိတယ်” လို့ သဲကုန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သဲကုန်းမြို့နယ် ပကဖအဖွဲ့ဝင်တဦးကလည်း ဂျက်မကို ၎င်းရဲ့နေအိမ်မှာပဲ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင်  အောက်တိုဘာ ၆ ရက် မနေ့မနက် ၉ နာရီလောက်မှာ နတ်တလင်းမြို့နယ်၊ တောင်ညို့သစ် အောင်ရတနာရပ်ကွက်က စစ်တပ်သတင်းပေးဆိုသူ ကိုမြင့်ကြည်ကို နတ်တလင်းအခြေစိုက် Phoenix DFတပ်ဖွဲ့က သုတ်သင်ခဲ့ကြောင်း နတ်တလင်း Phoenix DF တပ်ဖွဲ့တပ်ခွဲမှူးနဂါးလေးက ပြောပါတယ်။

အောက်တိုဘာ ၄ ရက်ညနေကလည်း ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်ပြီးပြန်လာတဲ့အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို  ၎င်းအုပ်ချုပ်ရေးမှူးရဲ့နေအိမ်ရှေ့မှာပဲ ရွှေတောင်ပကဖက အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲခဲ့ပါသေးတယ်။

ပုံစာ - သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ပုတီးကုန်းမြို့ကအုပ်ချုပ်ရေးမှူး။

စာတည်း - ဟိန်းစံ

 #မြေလတ်အသံ ‌

 #ပဲခူး  #သဲကုန်း  #အုပ်ချုပ်‌ရေးမှူး  #ပစ်သတ်ခံရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10