သံချပ်ကာသယ်ယာဉ်လုံခြုံရေး လိုက်ပါလာတဲ့စစ်ကားကို မိုင်းဆွဲလို့ စစ်သား ၅ ဦးသေဆုံးဟုဆို

သံချပ်ကာသယ်ယာဉ်လုံခြုံရေး လိုက်ပါလာတဲ့စစ်ကားကို မိုင်းဆွဲလို့ စစ်သား ၅ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် သံချပ်ကာကားတွေတင်ဆောင်လာတဲ့ယာဉ် လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကားတစီးကို မိုင်းဆွဲခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ပျော်ဘွယ်ဘက်ကနေ နတ်မောက်ဘက်ကို မောင်းနှင်းလာတဲ့ အဲ့ဒီစစ်ယာဉ်တန်းကို နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း၊ ရွာတော်ကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“ဆွဲတဲ့မိုင်းက ပြင်းအားများတဲ့ပတ်လည်မိုင်းတလုံးနဲ့ ဆွဲခဲ့တာဗျ။ သံချပ်ကာကားတွေ သယ်လာတဲ့ကားတွေကို အနောက်က လုံခြုံရေးလိုက်လာပေးတဲ့ကားကို မိုင်းဆွဲလိုက်တာ ။ ၅ ယောက်သေတယ်လို့ သိရတယ်။ အခုလောလောဆယ်မှာတော့ အဲဒီလမ်းပိုင်းက ရှုပ်ထွေးနေတယ်လို့ ကြားသိရတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေက အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ခိုက်မှုကို တိုက်ဒေါင်း အလယ်ပိုင်းအထူးပြောက်ကျားတပ်ဖွဲ့၊ သာစည်ပကဖနဲ့ ရွာငံဂျိုးဖြူတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

# မြေလတ်အသံ

#မန္တလေး #ပျော်ဘွယ် #သံချပ်ကာကား #လုံခြုံရေးယာဉ် #မိုင်းဆွဲခံရ #တိုက်ဒေါင်းPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10