သွင်းအားစုတွေ အဆမတန်ဈေးမြင့်တဲ့ကြားက နှမ်းစိုက်ပျိုးနေရတဲ့ ဂန့်ဂေါက တောင်သူတွေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါနယ်မြောက်ပိုင်းမှာ စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန် ဈေးနှုန်းမြင့်တက်နေတဲ့ကြားထဲကပဲ တောင်သူတွေဟာ မိုးနှမ်းစိုက်ပျိုးရေးကို လုပ်ကိုင်နေကြရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။ 

ဂန့်ဂေါနယ်မြောက်ပိုင်းမှာရှိတဲ့ တောင်ယာပြင်၊ ထယ်လှော်၊ မောက်၊ လက်ပံ၊ ကံ၊ ရေရှင်မ၊ နှမ်းခါးရွာ စတဲ့ ကျေးရွာပေါင်း ၃၀ ကျော်မှာ မေလဆန်းပိုင်းကစပြီး မိုးနှမ်းစိုက်ပျိုးခဲ့ကြတာပါ။

မိုးနှမ်းစိုက်ပျိုးချိန်မှာ လုပ်သားတဦးကို တမနက် လုပ်အားခ အရင်က ၃၅၀၀ ကျပ်ရှိရာမှ အခုအခါမှာ ၅၀၀၀ ကျပ်အထိပေးရပြီး မျိုးတတင်းကိုလည်း ကျပ် ၁၀၀,၀၀၀ ကျပ်မှ ကျပ် ၁၂၀,၀၀၀ အထိပေးရတယ်လို့ သိရပါတယ်။ 

လယ်ထွန်ယက်ခကိုလည်း နွားနဲ့ထွန်ပါက တဧက ကျပ် ၂၀၀၀၀ မှ  ၂၅၀၀၀ ကျပ်၊ ထွန်စက်နဲ့ထွန်ပါက တဧက ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်၊ ဓာတ်ဆီတဂါလံမှာလည်း ၁၂၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိရှိတယ်လို့ သိရပါ တယ်။ 

ဒါ့အပြင် ဂန့်ဂေါဒေသရှိ လူငယ်အမျိုးသား၊ အမျိုးသမီးတွေဟာ နိုင်ငံခြားကိုသွားရောက်အလုပ်လုပ်တာ၊ တောခိုပြီး တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာတွေ များနေတာကြောင့် လယ်ယာလုပ်ငန်းတွေမှာ လုပ်နိုင် ကိုင်နိုင်သူတွေရှားပါးပြီး သက်ကြီးရွယ်အိုတွေသာ ကျေးရွာထဲမှာ ကျန်ရှိနေကြတယ်လို့ ဆိုပါတယ်။ 

စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ပေါင်းနှုတ်ရန်လုပ်သားမခေါ်နိုင်တဲ့အတွက် တောင်သူတွေဟာ ပေါင်းသတ်ဆေးဝယ်ယူပြီး ဆေးဖြန်းနေရတယ်လို့ ပြောပါတယ်။ 

စိုက်ပျိုးစရိတ် သွင်းအားစုဈေးနှုန်းတွေမြင့်တက်သလို လယ်ယာလုပ်သားလည်း ရှားပါးတဲ့အခက်အခဲတွေ ကြုံတွေ့နေရပေမယ့် တောင်သူတွေဟာ တခြားရွေးချယ်စရာ မရှိဘဲ နှမ်းစိုက်ပျိုးရေးကိုသာ လုပ်ကိုင်နေကြရ တယ်လို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါ #စိုက်ပျိုးရေး #ဈေးကြီး #တောင်သူ #မိုးနှမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10