သွေးချောင်းစီးခဲ့သည့် လက်ထုတ္တောရွာလူသတ်ပွဲ (ဆောင်းပါး)

သွေးချောင်းစီးခဲ့သည့် လက်ထုတ္တောရွာလူသတ်ပွဲ (ဆောင်းပါး)

 

သွေးသံရဲရဲနှင့် ပြန့်ကျဲနေသည့် လူသေအလောင်းများကြားတွင် အသားညိုညို သက်လတ်ပိုင်း အညာသူတဦး က အလောင်းတခုကို ပွေ့ဖက်လှုပ်ယမ်းရင်း စိတ်ရှိတိုင်း အော်ဟစ်ငိုကြွေးနေသည်။ 

“အဖေရေ အဖေရေ” ဟု စို့နစ်သည့်အသံဖြင့် တချက်တချက် အော်ခေါ်နေသေးသည်။ ညာဘက်ဘေးတွင် သမီးဖြစ်ဟန်တူသည့် အသက် ၅ နှစ်ဝန်းကျင် ကလေးမလေးတဦးကလည်း မရပ်တန်းငိုလျှက်။ လူတချို့က တော့ သူတို့ကို အငိုတိတ်ရန် ကြိုးစားဖျောင်းဖျနေကြသည်။ 

ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများကလည်း အလောင်းများကို ကွေ့ပတ်ရှောင်သွားရင်း နာရေးကိစ္စအတွက် ခြေရှုပ်နေကြသည်။ ဤသည်မှာ လက်ထုတ္တောကျေးရွာ ကြံမ္မာဆိုးနှင့်ကြုံခဲ့ရသည့် မနက်ခင်းတွင်မြင်ရသော မြင်ကွင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ၏ တရွာဝင်တရွာထွက် စစ်ကြောင်းထိုး သတ်ဖြတ်မှုများ ကြောင့် အထက်ပါ မြင်ကွင်းမျိုးကို စစ်ကိုင်း၊ မကွေး စသည့်အညာဒေသတွင် မကြာခဏမြင်ရတတ်သည်။ ယခုတခါတော့ လက်ထုတ္တောကျေးရွာတွင်ဖြစ်၏။ 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို မေလ ၁၁ ရက်တွင် စစ်ကောင်စီက အင်အားရာကျော် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ အစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် ပြည်သူ ၃၄ ဦး သေဆုံးခဲ့ရသည်။ 

သေဆုံးသူများမှာ အသက် ၁၇ နှစ်မှ အသက် ၈၈ နှစ်အတွင်း အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ပြီး လက်ထုတ္တောကျေးရွာသားများအပြင် “ရေဝန်း”ဘုန်းကြီးကျောင်းတွင် ပန်းရံလာ လုပ်နေသော အခြားကျေးရွာမှ အမျိုးသား ၃ ဦးပါဝင်သည်။ 

ပစ်ခတ်မှုဖြစ်သည့်နေ့၌ ၃၂ ဦးသေဆုံးခဲ့ပြီး ၁၃ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများအနက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် ဆေးကုသနေစဥ် သေဆုံးခဲ့သည်။ ထို့ကြောင့် စုစုပေါင်း သေဆုံးသူမှာ ၃၄ ဦးရှိလာခြင်း ဖြစ်သည်။  

“ခုသေထားတဲ့သူတွေဆိုရင် တယောက် တယောက်ကို အနည်းဆုံး (ကျည်ဆန်) ၃ ၄ ချက်လောက် မှန်ထားတာ။ ၁ ချက်တည်းပစ်တာ မဟုတ်ဘူး။ ဗိုက်ကိုပစ်လို့ လက်တွေ ခြေထောက်တွေလှုပ်ရင် အဲ့ဒီဗိုက်တွေ၊ လက်တွေကို ထပ်ပစ်တာ။” ဟု ဒေသခံများသေဆုံးရပုံကို Myinmu Civil Revolution Force တာဝန်ခံ ကိုလုလင် က ပြောပြသည်။ 

ကိုလုလင်သည် လက်ထုတ္တောကျေးရွာနှင့်နီးစပ်သူဖြစ်ပြီး စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ကျေးရွာအတွင်း အသတ်ခံထားရသူများ၏ နာရေးကိစ္စနှင့် နယ်မြေရှင်းလင်းရေးကိစ္စများကို လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။ 

အိမ်ခြေ ၇၀၀ ကျော်ရှိသည့် လက်ထုတ္တောကျေးရွာသည် မုံရွာ-မန္တလေး ကားလမ်းမကြီးဘေး မြင်းမူနှင့် ချောင်းဦးမြို့ ကြားတွင်ရှိသည်။ မြင်းမူမြို့နှင့် ၁၂ မိုင်အကွာတွင် တည်ရှိသည်။ 

ကျေးရွာ၏အနီးတွင် စစ်ကောင်စီတပ်စွဲထားသည့် ဂွေးပင်တော၊ နတ်ရေကန်၊ ဘိုမင်းကျီးကင်း စသည့် ကျေးရွာများရှိသည်။ တရွာနှင့်တရွာ ၂ မိုင်ဝန်းကျင်လောက်သာ ကွာဝေးသည်။ 

 

ရွာကထွက်ကြ 

မေလ ၁၀ ရက် သောကြောနေ့ည ဖြစ်သည်။ မြင်းမူနယ်နှင့် ချောင်းဦးနယ်အစပ်ရှိ အထက်ပါကျေးရွာ ၃ ရွာရှိ စစ်ကောင်စီတပ်သားများ၏ အခြေအနေကို တဆင့်စကား တဆင့်နားဖြင့် လက်ထုတ္တောကျေးရွာ ကာကွယ်ရေးရဲဘော်များထံ ရောက်ရှိလာသည်။ “စစ်ကြောင်းတွေလှုပ်နေပြီ” ဆိုသည့် သတင်း။ 

ထိုသတင်းကိုကြားပြီးနောက် စစ်ကောင်စီစစ်ကြောင်းများ၏အခြေအနေနှင့် ယဉ်ပါးနေသည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာများကို စစ်ကြောင်းထိုးနိုင်ခြေရှိသည်ဟု ခန့်မှန်းကြသည်။ 

လက်ထုတ္တောကျေးရွာကို စစ်ကြောင်းဝင်မည်၊ မဝင်မည်ကိုတော့ တထစ်ချမပြောနိုင်။ သို့သော် မဖြစ်သော်လည်း အန္တရာယ်ကင်းအောင် ရွာသားများကို ရွာကနေထွက်ပြီး တိမ်းရှောင်ဖို့ သတိပေးကြသည်။ 

“ရွာထဲမှာ ရဲဘော်တွေက မအိပ်ဘဲနဲ့ ၁၂ နာရီထိုးတော့ ၁ ခါ ရွာထဲကို ခရာအရှည်ကြီးမှုတ်ပြီးတော့ တအိမ်ဆင်း တအိမ်တက် ထွက်ဖို့ လိုက်ပြောတာပေါ့၊” ဟု ကိုလုလင်က ပြောပြသည်။ 

ဒုတိယအကြိမ် ခရာမှုတ်သတိပေးချိန်က မနက် ၂ နာရီခန့်ဖြစ်သည်။ ထိုအချိန်အတွင်း စစ်ကောင်စီ စစ်ကြောင်းသည် ရွာနှင့်မလှမ်းမကမ်းကို ရောက်ရှိနေသည်။ ရွာသားတချို့ကတော့ ရွာပြင်ထွက် ရှောင်တိမ်းနေကြသည်။ တချို့ကတော့ စစ်ကြောင်း ဝင်မလာနိုင်ဟု ယူဆ၍ ရွာက မထွက်ကြသေး။ 

“တချို့ပြည်သူတွေက ပေါ့တာ။ ‘(စစ်ကြောင်း) မဝင်လာနိုင်ဘူး၊ ဝင်လာရင်ဘုန်းကြီးကျောင်းပြေးမယ်’ ဆိုတဲ့ အတွေးရှိလောက်တယ်” ဟု ကိုလုလင်က သူ့ထင်မြင်ချက်ကို ပြောသည်။ 

 

လွတ်ဖို့ရာ ပြေးကြပြီ

စစ်ကြောင်းအခြေအနေကို နားစွင့်နေသည့် လက်ထုတ္တောရွာသားများသည် မနက် ၅ နာရီခန့်တွင် ပစ်ခတ်သံများကို စတင်ကြားရသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားများက ရွာကိုဝိုင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်သည်။ 

ထိုရွာကို စစ်ကြောင်းမထိုးခင် ရှေ့ရက်ပိုင်းတွင် ဂွေးတောကျေးရွာမှ စစ်ကောင်စီအဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေးတပ်သားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ အလားတူ  မုံရွာ-မြင်းမူလမ်းပိုင်းတလျောက်တွင်လည်း ကင်းပုန်းဝပ်လာသည့် စစ်သားများမှာလည်း မကြာခဏ တိုက်ခိုက်ခဲ့ရသည့်အတွက် ခုလိုစစ်ကြောင်းလာတာ ဖြစ်နိုင်ကြောင်း ကိုလုလင်က ဆိုသည်။ 

“ကင်းပုန်ထွက်လာတဲ့အဖွဲ့တွေကို အဲ့နားက (ပကဖ)အဖွဲ့တွေက ချောင်းချောင်းပြီး ပစ်တဲ့အခါ အထိနာပုံရတယ်။ အထိနာတော့ကျ ဒီဘက်ကပဲ လာလုပ်တယ်လို့ ယူဆပြီးတော့၊ ငြှိုးတဲ့အပိုင်း ပါလောက်တယ်။” ဟု ဆိုသည်။  

စစ်ကြောင်းဝင်လာသည်နှင့်တပြိုင်နက် ရွာထဲတွင်ကျန်နေသည့် ရွာသားအများစုမှာ ကျေးရွာဘုန်းကြီး ကျောင်းများသို့ အားကိုးတကြီး ဦးတည်ထွက်ပြေးကြသည်။ 

လက်ထုတ္တောကျေးရွာတွင် အရှေ့ကျောင်း၊ အနောက်ကျောင်းနှင့် တောင်ကျောင်းဟူ၍ ဘုန်းကြီးကျောင်း ၃ ကျောင်းရှိ၏။ အရှေ့ကျောင်း (ခေါ်) “ရေဝန်း” ဘုန်းကြီးကျောင်းသို့ အများစု ပြေးရှောင်ပုန်းကြသည်။ တချို့ လည်း အခြားဘုန်းကြီးကျောင်းများသို့ ပြေးကြသည်။ 

ဘုန်ကြီးကျောင်းတွင်ရှိနေလျှင် ဘေးကင်းလိမ့်မည်ဟု ယူဆချက်များဖြင့် သွားကြခြင်းဖြစ်သည်ဟု ကိုလုလင်က ဆိုသည်။ 

“အရင်တုန်းကလိုဆိုရင် ဘုန်းကြီးကျောင်းသွားရင် တော်ရုံတန်ရုံဘေးကင်းတာဆိုတော့ ပြည်သူတွေက ဘုန်းကြီး ကျောင်းကိုပဲထွက်ပြေးကြတာ”

 

စစ်ကောင်စီ၏ ဘုန်းကြီးကျောင်းတွင်း လူသတ်ပွဲ

လက်ထုတ္တောရွာအရှေ့ဘက်ထိပ်ရှိ အရှေ့ကျောင်း (ခေါ်) “ရေဝန်း” ဘုန်းကြီးကျောင်းကို ဝင်လိုက်လျှင် တောင်ဘက်ကို မျက်နှာမူထားသည့် ကျောင်းတိုက်တခုရှိသည်။ ပြန်လည်ပြုပြင်ထားသည်မှာ မကြာသေး၍ အုတ်တံတိုင်းလည်း မရှိ။ မုခ်ဦးနှင့် ဓမ္မာရုံများမှာလည်း ဆောက်လက်စသာ ရှိသေးသည်။ 

အထက်ပါကျောင်းတိုက်ထဲတွင် ရွာသူ၊ ရွာသား ၅၀ ကျော်လောက် တစုတစည်းတည်း ရှောင်ပုန်းနေကြသည်။ ထိုစဥ် စစ်ကောင်စီတပ်သားများက အဆိုပါ ဘုန်းကြီးကျောင်းဝန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာခဲ့သည်။ 

တချို့က အရပ်ဝတ် ဝတ်ထားသလို တချို့ကလည်း စစ်သားယူနီဖောင်းဝတ်ဆင်ထားကြသည်။ ထို့နောက် ဘုန်းကြီးကျောင်းဝန်းတွင်ရှိနေသည့် ရွာသူ၊ ရွာသားများကို တယောက်စီ စစ်ဆေးမေးမြန်းသည်။ 

“PDF ရှိလား၊ PDF တွေဘယ်မှာလဲ” စသဖြင့် PDF များနှင့်ဆိုင်သည့် မေးခွန်းများကိုသာ ထပ်တလဲလဲမေးသည်။ မဖြေရင်သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်သည်။ မည်သူကမျှ အဖြေမပေးကြ။ 

ထို့နောက်တွင်တော့ ကျောင်းတိုက်တွင်းရှိ အမျိုးသားများအားလုံးကို ကျောင်းတိုက်ရှေ့ မျက်နှာစာသို့ ထွက်ခိုင်းလိုက်ပြီး ထပ်၍မေးသည်။ ဤတကြိမ်တွင်တော့ ခြိမ်းခြောက်ရုံတင် မဟုတ်တော့ဘဲ သေနတ်နှင့် ပစ်လေသည်။ 

“ ‘ဒီနားမှာ PDF တွေရှိလား၊ PDF စခန်းကဘယ်နားတုန်း’ မေးတာပေါ့။ မသိဘူးပြောရင် ‘မသိရင် သတ်တယ်ကွာ’ ဆိုတဲ့သဘောမျိုးနဲ့ သတ်တာ။ ‘ဒီနားတော့ PDF စခန်းမရှိပါဘူး’ ပြောရင် ‘မရှိရင် သတ်တယ်’ အဲ့လိုပုံစံမျိုး ပစ်တာ။ အစောပိုင်းက တကယ် မပစ်လောက်ဘူးထင်တာ။ ခြိမ်းခြောက်တဲ့ ပုံစံမျိုးထင်တာ၊ ဒါပေမဲ့ နောက်ပိုင်း အော်တိုဆွဲပြီး အကုန်တန်းစီပစ်လိုက်တာ” ပစ်ခတ်ခံရသူများထဲတွင် မသေဘဲရှင်ကျန်ခဲ့သည့် အမျိုးသား ၁ ဦး၏ ပြန်လည်ပြောပြချက်ကို ကိုးကား၍ ကိုလုလင်က ပြောပြသည်။ 

တန်းစီထားသည့် လူတန်းကိုတရစပ် ပစ်ခတ်ချိန်တွင် ထိုအမျိုးသား၏ ဝမ်းဗိုက်သာ ရှပ်မှန်ခဲ့ပြီး သေကံမရောက်ခဲ့ပေ။ သို့သော် လှုပ်မိပါက ထပ်ပစ်မည်ကိုသိ၍ မြေကြီးပေါ်လဲချလိုက်ပြီး သေသူသဖွယ် နေခဲ့သည်။

“သူလည်း မလှုပ်ရဲတော့ဘဲ သေပြီဆိုတဲ့ပုံစံနဲ့။ လူတွေက အကုန်လုံးတန်းထားတာဆိုတော့ တယောက်ကိုယ် တယောက်ပစ်လိုက်တဲ့အချိန်မှာ သွေးတွေစင်တော့ကျ သူ့ကိုလည်းသေပြီဆိုပြီးတော့ အခြားသတ်ထားတဲ့ လူတွေတင်တာပေါ့။ သူ့အပေါ်မှာကို ၈ ယောက် ၉ ယောက်လောက် တင်ထားတာ။ သူကလည်း မလှုပ်ရဲဘူးတဲ့။ လက်တွေဘာတွေကို အကြောတွေကပ်လို့ပေါ့။” ဟု ကိုလုလင်က ပြောပြသည်။ 

သေသူသဖွယ်ဖြစ်နေချိန်တွင် စစ်ကောင်စီတပ်သားများ၏ အပြန်အလှန်ပြောဆိုသံများကိုလည်း ကြားနေရသည်ဟုဆိုသည်။ အမျိုးသမီးများကိုပါ သတ်ပစ်ရန် တဦးကပြောသည်။ နောက်တဦးက မသတ်ဖို့ တုန့်ပြန် ပြောဆိုရင်း သတ်ဖြတ်မည့်ကိစ္စများကို အခြေအတင် ငြင်းခုန်နေကြခြင်းဖြစ်သည်ဟု အသက်ရှင်ကျန်ရစ်ခဲ့သူ၏ ပြောပြချက်ကို ကိုလုလင်က ဆက်ပြောပြသည်။ 

ထိုတနေ့တည်းတွင် “ရေဝန်း” ဘုန်ကြီးကျောင်းဝန်းထဲတွင် အမျိုးသား ၂၃ ဦးသေဆုံးခဲ့သည်။ တဆက်တည်း မှာတင် အနောက်ကျောင်းတွင် ၆ ဦး၊ ကျေးရွာလမ်းမပေါ်တွင် ၃ ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံရသည်။ 

လမ်းမပေါ်၌ ပစ်ခတ်ခံရသူ ၃ ဦးတွင် သားအဖ ၂ ဦးပါသည်။ ထိုသားအဖ ၂ ဦးမှာ ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ များက သတိပေးချိန်တွင် ရွာပြင်ကိုထွက်နေခဲ့သော်လည်း နံနက် ၄ နာရီခွဲ ဝန်းကျင်တွင် စစ်ကြောင်းဝင်မလာနိုင်လောက်တော့ဟုထင်ကာ ကျေးရွာအတွင်းပြန်ဝင်လာချိန် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။  

“အသက် ၈၈ နှစ်အဘိုး တယောက်လည်းပါတယ်။ လူလတ်ပိုင်းတွေများတယ်။ ၃၀၊ ၄၀ ဝန်းကျင်တွေ။ မျက်နှာကို သေနတ်တွေနဲ့ထုထားတော့ မျက်နှာအရိုးတွေကျိုးပြီးတော့ မျက်လုံးထွက်တဲ့လူကထွက်၊ အဲ့လောက်ထိ ဆိုးသွားတယ်။ တော်တော်များများရဲ့ ခြေထောက်တွေမှာ ကျည်ဆန်မှန်ထားတဲ့ဒဏ်ရာတွေ ပါတယ်။” ဟု အသတ်ခံထားရသူများတွင် တွေ့ရှိသည့် ဒဏ်ရာများကို ကိုလုလင်က ပြောသည်။  

 

မီးလောင်တိုက်သွင်းပြန်

လက်ထုတ္တောကျေးရွာသည် ၂၀၂၃ ခုနှစ် မေလ ၆ ရက်တွင် ပထမအကြိမ်မီးရှို့ဖျက်ဆီးခံရသည့်အတွက် နေအိမ် ၅၆၀ ကျော်ပျက်စီးပြီး အိမ်ခြေ ၁၀၀ ကျော်သာကျန်ခဲ့သည်။ ထိုအချိန်မှစ၍ အိမ်မရှိတော့သည့် အိမ်ပိုင်ရှင်များမှာ ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်ခဲ့ကြရသည်။ 

ပြည်သူများကို စိတ်ရှိတိုင်း စီရင်သတ်ဖြတ်လာသည့် စစ်ကောင်စီတပ်သားများသည် သက်မဲ့နေအိမ်များကိုပါ မီးလောင်တိုက်သွင်းဖို့ ပြင်ဆင်ကြပြန်သည်။ ထိုအချိန်တွင် မနက် ၇ နာရီရှိလေပြီ။ 

ယခင်မပျက်စီးဘဲ ကျန်ရှိနေသည့် နေအိမ်များနှင့် ယာယီဆောက်လုပ်ထားသည့် တဲအိမ်များကိုပါ တလုံးမကျန် မီးရှို့ခံလိုက်ကြသည်ဟု ကိုလုလင်က ပြောသည်။ 

“အဲ့တုန်းကမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေကိုပါ ခုကထပ်ရှို့တာ။ ခုကတရွာလုံးကုန်သွားပြီ ဘာမှမရှိတော့ဘူး။” 

ယင်းနောက် ကျေးရွာအတွင်း ထင်တိုင်းကြဲခဲ့သည့် စစ်ကောင်စီတပ်သားများမှာ အနောက်ဘုန်းကြီး ကျောင်းအတွင်း လူပြန်စု၍ နတ်ရေကန်ကျေးရွာဘက်သို့ ပြန်ဆုတ်သွားကြသည်။ သူတို့နှင့်အတူ လက်ထုတ္တောရွာခံ အမျိုးသား၊ အမျိုးသမီး အနည်းဆုံး ၁၀ ဦးလောက်ကိုလည်း ဓားစာခံအဖြစ်ဖမ်ဆီး ခေါ်ဆောင်သွားခဲ့သည်။ 

 

ပြယုဂ်

စစ်ကောင်စီစစ်ကြောင်းများကျောခိုင်းသွားသည့် လက်ထုတ္တောကျေးရွာ၏ မနက်ခင်းသည် အနိဌာရုံပြယုဂ်များနှင့်သာ ကျန်ရစ်နေခဲ့ရသည်။

ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက နယ်မြေရှင်းလင်းရေးလုပ်ကြသည်။ မည်သူမည်ဝါ အသတ်ခံရသူများကို စုံစမ်းစိစစ်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်အလောင်းများကို စောင်နှင့် ဖုံးအုပ်သူ များလည်းရှိသည်။ 

ထို့အချိန်တွင် မီးရှိုခံထားရသည့် နေအိမ်အဆောက်အဦများကလည်း အငွေ့တထောင်းထောင်းနှင့် လောင်ကျွမ်းလျှက်ရှိ၏။ 

ရုပ်အလောင်းများဘေးတွင် အလောင်းပိုင်ရှင်မိသားစုဝင်များက ရှိုက်ကြီးတငင် ငိုကြွေးကာ ယူကြုံးမရဖြစ်နေကြသည်။ အသက်ဝိညာဉ်ကင်းမဲ့နေသည့်ရုပ်အလောင်းများသည် “PDF တွေဘယ်မှာလဲ၊ PDF တွေရှိလား” ဟူသော မေးခွန်းကို မဖြေသွားဘဲ အသက်ပေးလိုက်ကြသည့် သူများသာဖြစ်၏။

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #လက်ထုတ္တောရွာ #အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #စစ်ကိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10