သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မုံရွာမြို့ရဲ့ လမ်းမထက် ရာနဲ့ချီတဲ့လူအုပ်ကြီးဟာ သူတို့အလယ်က သဲအိတ်ပေါ်တက်ပြီး ဟန်းစပီကာ ၂ လုံးနဲ့ မာန်ပါပါဟောပြောနေတဲ့ အမျိုသားတယောက်ဆီကို စူးစိုက်ကြည့်နေကြပါတယ်။
တချို့က လက်ကိုင်ဖုန်းတွေကို ကိုင်မြှောက်ကာ အဲဒီဟောပြောနေသူကို မှတ်တမ်းတင်နေကြပါတယ်။ တချို့က လက်ခုပ်တွေတီးပြီး သပြေခတ်တွေကို ဝှေ့ယမ်းကာ ဟောပြောချက်ကို အားပေးနေကြပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးသည် ကျနော်တို့ရဲ့ ပန်းတိုင်ဖြစ်သွားပြီ။ လက်ရှိ ရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်ရင် ကျနော်တို့ဆီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်။” လို့ ပြောရင်း အောက်ကလှမ်းပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို သူက လှမ်းယူလိုက်ပါတယ်။
လက်ထဲပါလာတဲ့ အစိမ်းရောင်စာအုပ်ကို သူကိုင်မြှောက်ပြကာ ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်းချက်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အာမခံချက် မပေးနိုင်ကြောင်းနဲ့ စစ်တပ်ရဲ့လွှမ်းမိုးမှုအကြောင်းကို တချက်ချင်းစီရှင်းပြပါတယ်။
အဲဒီနောက် “ကျနော်တို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥဒေဟာ အခုချိန်ကစပြီးတော့ အမှိုက်သာသာစာရွက်တခုထက် မပိုတော့ဘူး။” လို့ ကြွေးကြော်ပြီး စာအုပ်ကို အောက်က လူတွေဆီပြန်ပေးလိုက်ရာ အသင့်ဖြစ်နေတဲ့လူတွေက ဓာတ်ဆီလောင်း မီးရှို့လိုက်ပါတယ်။
စာအုပ်ကို မီးတောက်တွေက ဝါးမြိုနေစဉ်မှာပဲ “ကျနော်တို့က အခြေခံဥပဒေကို မလိုက်နာဘူးလို့ ပြောတဲ့လူရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ၂၀၀၈ ထဲက ဘယ်ပုဒ်မနဲ့ ဖမ်းသွားတာလဲဆိုတာ မေးရလိမ့်မယ်။” လို့ သူက ဆက်ပြောရာ လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်ပေါ်လာပါတယ်။
ဘေးပတ်ချာလည်က ရာပေါင်းများစွာသောလူတွေ ဝိုင်းရံအားပေးခံနေရတဲ့ သူဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မုံရွာက နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ သူငယ်ချင်းတွေနဲ့အတူ ဦးဆောင်ပါဝင်ရင်း တိုင်းသိပြည်သိ ထင်ရှားလာသူ အသက် ၂၆ နှစ်အရွယ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်း ကိုဝေမိုးနိုင် ဖြစ်ပါတယ်။
မုံရွာမြို့နယ်တဝိုက်က ဆန္ဒပြလူထုကို မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်နဲ့ ရှေ့ဆက်လုပ်ရမယ့် အရာတွေကို သူက အရိုးရှင်းဆုံး ရှင်းပြပေးရာ နားထောင်ရသူတွေရဲ့ တခဲနက်အားပေးတာကို ခံရသလို သတင်းဌာနတွေကလည်း သူရဲ့အင်တာဗျူးတွေကို မကြာခဏထုတ်လွှင့်ကြပါတယ်။
လူထုသပိတ်တိုက်ပွဲအရှိန်ရနေတဲ့ ၂၀၂၁ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့အတူ မြို့ထဲမှာ ဆိုက်ကယ်စီးရင်းဆန္ဒပြနေတဲ့ သူ့ကို အာဏာသိမ်းစစ်တပ်ရဲ့ အရပ်ဝတ်သေနတ်သမားတွေက ကားနဲ့ ဝင်တိုက် ဖမ်းခေါ်သွားခဲ့ကြပါတယ်။
အဖမ်းခံရပြီးတဲ့နောက် သူဟာ စစ်တပ်ကထိန်းချုပ်ထားတဲ့ ထောင်တွင်းတရားရုံးတွေမှာ ကြီးလေးတဲ့ ပုဒ်မတွေနဲ့ တခုပြီးတခု ဆွဲချက်တင်ခံရပြီး သူ့အသက်ထက် ၃ ဆနီးပါးများတဲ့ထောင်ဒဏ် စုစုပေါင်း ၇၄ နှစ်ချမှတ်ခံခဲ့ရပါတယ်။
မုံရွာမြို့နယ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြလူထုကို ကောင်းစွာ ဦးဆောင်နိုင်ခဲ့တဲ့ ခန္ဓာကိုယ်ထွားထွားကြိုင်းကြိုင်းရှိတဲ့သူ့ကို တချို့က ‘ပန်ဒါ’ လို့လည်း ချစ်စနိုးခေါ်ကြပါတယ်။
ငယ်စဉ်ကတည်းက တက်ကြွတဲ့ စာပေသမား
ဝေမိုးနိုင်ဟာ မုံရွာမြို့နယ် အမှတ် ၂ အထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပြီး သူ့မိခင်က ကျောင်းဆရာမတဦးဖြစ်ပါတယ်။ ကျောင်းနေစဉ်ကတည်းက အပြောအဟောကောင်းသူတယောက်အဖြစ် လူသိများတယ်လို့ မုံရွာက အလွတ်သင်ကျောင်းဆရာဟောင်း ကိုစိုးဝင်းဆွေက ပြောပါတယ်။
“ကျနော်က ၉ တန်း ၁၀ တန်းသင်တဲ့ အလွတ်ကျောင်းဆရာလုပ်ခဲ့တော့ ကျနော့်တပည့်တွေနဲ့ သူက အတန်းတူတူတက်ခဲ့ဖူးတယ်ပေါ့။ အဲ့မှာ ကျနော့်တပည့်တွေဆီက ပြန်ကြားတာ ရှိပါတယ်။ ကျောင်းမှာကတည်းက သူက အာဝဇ္ဇန်းရွှင်တယ်။ အဟောအပြောလည်း ကောင်းတယ်။ ဒါမျိုးတွေ သူစတိတ်ကျောင်းသားဘဝက ဆောင်ရွက်ခဲ့တယ်လို့ ကျနော့်တပည့်တွေ ပြောပြတာကြားဖူးတယ်။” လို့ သူက ဆိုပါတယ်။
အခြေခံပညာကျောင်းသားဘဝကတည်းက ဝေမိုးနိုင်ဟာ စာပေလိုက်စားခဲ့သူဖြစ်ပြီး အသက် ၁၃ နှစ် အရွယ်မှာ သူရေးတဲ့ ‘ပွင့်ချိန်တန်လျှင်’ ဝတ္ထုတိုဟာ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ ရွေးချယ်ဖော်ပြခံခဲ့ရပါတယ်။ ဒီဝတ္ထုမှာ ဦးနှောက်ဖွံ့ဖြိုးမှုနှေးတဲ့ အမျိုးသမီးလေးတယောက်ရဲ့ အရွယ်နဲ့မလိုက်တဲ့ အပြုအမူနဲ့ လိုအင်ဆန္ဒအကြောင်းကို ဇာတ်လမ်းတည် ရေးဖွဲ့ထားတာတွေ့ရပါတယ်။
အဲဒီတုန်းက ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်ခဲ့သူ စာရေးဆရာ မသီတာ(စမ်းချောင်း)က သူတို့မဂ္ဂဇင်းတိုက်ကို ပေးပို့လာတဲ့ ဝေမိုးနိုင်ရဲ့စာမူကို ဖတ်ကြည့်ရာ အရွယ်ထက် ရင့်ကျက်တဲ့အတွေးကို သတိထားမိပြီး ဖော်ပြဖို့ရွေးချယ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“တခြားသူရဲ့ အထွေထွေဗဟုသုတပေါ်မှာ အခြေခံပြီးတော့ လူ့ဘဝရှုမြင်ပုံတွေပေါ့နော်။ တွေးတော ဆင်ခြင်ပုံကို ကြည့်ရတာ အသက်ထက်စာရင် တော်တော်လေး ရင့်ကျက်နေတယ်ပေါ့နော်။ အဓိက,ကတော့ စာဖတ်နာတဲ့သူတယောက်ရဲ့ အရေးအသားရော ရင့်ကျက်မှုကိုရော တွေ့ရပါတယ်။” လို့ သူက ပြောပါတယ်။
တက္ကသိုလ်ရောက်တော့လည်း ကိုဝေမိုးနိုင်ဟာ စာပေရေးရာတွေကို လုပ်ဖို့တက်ကြွနေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက စာရေးဆရာတွေစုဖွဲ့ထားတဲ့ PEN international အဖွဲ့ဝင်အဖြစ် PEN Myanmar ကို ဖွဲ့စည်းဖို့ ၂၀၁၃ မှာ လက်မှတ်ထိုးကြတဲ့ မြန်မာစာရေးဆရာ ၂၅ ယောက်ထဲမှာ သူလည်းပါဝင်ခဲ့ပါတယ်။
PEN Myanmar ဖွဲ့စည်းပြီးနောက်ပိုင်း မုံရွာမှာလုပ်တဲ့ လူထုအခြေပြုစာပေရေးရာလှုပ်ရှားမှုတွေကို ဝေမိုးနိုင်ဟာ တက်တက်ကြွပါဝင်ခဲ့တယ်လို့ PEN Myanmar အဖွဲ့ဝင်တဦးဖြစ်သူ မသီတာ (စမ်းချောင်း) က ဆိုပါတယ်။
“တိုင်းဒေသကြီးလွှတ်တော်လှယ်ကိုယ်စားလှယ်တွေနဲ့ ဒေသခံမီဒီယာတွေပါဝင်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပေါ့နော်။ ဒါတွေကို စီစဉ်တဲ့အခါမှာလည်း ဝေမိုးနိုင်က မုံရွာအခြေစိုက်ပြီးတော့ ကျမတို့ကူညီခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။” လို့ သူက ပြောပါတယ်။
ကိုဝေမိုးနိုင်ဟာ ငယ်စဉ်ကတည်းက အခုလို စာပေဘက်မှာ ထူးချွန်သလို ကျောင်းသားလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူ တယောက်လည်းဖြစ်ပါတယ်။
နိုင်ငံရေးနိုးကြားတဲ့ တက္ကသိုလ်ကျောင်းသား
ဆယ်တန်းအောင်ပြီးနောက် မုံရွာတက္ကသိုလ်ကျောင်းသား ဖြစ်လာတဲ့ ကိုဝေမိုးနိုင်ဟာ နိုင်ငံရေးကို လူငယ်ကျောင်းသားပီပီ စိတ်ဝင်တစား လေ့လာခဲ့ပါတယ်။
စစ်တပ်အလိုကျ ရေးဆွဲထားတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကျင်းပပြီး စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်တဲ့ကာလမှာ သူတက္ကသိုလ်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က တက္ကသိုလ်ဝင်ခွင့် ကတိခံဝန်ချက်မှာ နိုင်ငံရေးကင်းရှင်းရမည်ဆိုတဲ့အချက်ကို သဘောတူကြောင်း ကျောင်းသားအားလုံးက လက်မှတ်ထိုးရပါတယ်။ စစ်အာဏာရှင်အစိုးရ အဆက်ဆက် ဖျောက်ဖျက်ဖို့ကြိုးစားခဲ့တဲ့ ကျောင်သားသမဂ္ဂကိုလည်း တရားဝင် ဖွဲ့စည်းခွင့်မရပါဘူး။
ဒီလိုကာလမှာပဲ ဝေမိုးနိုင်နဲ့ အပေါင်းအဖော်တွေဟာ မုံရွာက တက္ကသိုလ်ကျောင်းတွေမှာ သမဂ္ဂတွေ ဖွဲ့စည်းနိုင်အောင် ကြိုးစားခဲ့ကြတယ်လို့ သူ့သူငယ်ချင်းဖြစ်တဲ့ အဲဒီတုန်းက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုခန့်ဝေဖြိုးက ပြောပါတယ်။
၂၀၁၄ မှာ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကိုခန့်ဝေဖြိုးက ဖွဲ့စည်းခဲ့ပြီး ကိုဝေမိုးနိုင်က မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် တကသများကွန်ရက် (မုံရွာ)ကို ဖွဲ့စည်းပြီး အလုပ်တွေအတူတူလုပ်ဖြစ်ကြတယ်လို့ ကိုခန့်ဝေဖြိုးက ဆိုပါတယ်။
“ဝေမိုးနိုင်နဲ့ ကျနော်တို့ သင်တန်းတခုမှာ ဆုံတယ်။ သူကလည်း တက်တက်ကြွကြွနဲ့ နိုင်ငံရေး၊ ကျောင်းသားရေးကို စိတ်ဝင်စားတယ်။ ကျနော်ကလည်း စိတ်ဝင်စားတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီအလုပ်တွေ တူတူလုပ်ဖို့ စပြီးတော့ တိုင်ပင်ဖြစ်တာ။” လို့ သူက ပြောပါတယ်။
သူတို့တွေဟာ စာပေဆွေးနွေးပွဲတွေ၊ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းတွေနဲ့ နိုင်ငံရေးအမြင်ဖွင့် သင်တန်းတွေကို တက်ညီလက်ညီလုပ်ခဲ့ကြပါတယ်။
ကျောင်းသားတွေရဲ့ ဒီလိုလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက ပေါ်ပေါ်တင်တင် တားမြစ် အရေးယူတာမရှိပေမယ့် လျှို့ဝှက်စုံစမ်းထောက်လှမ်း မှတ်တမ်းတင်နေခဲ့ကြပါတယ်။
၂၀၁၄ မှာ ပြဌာန်းတဲ့ အမျိုးသားပညာရေးဥပဒေကို ဒီမိုကရေစီနည်းကျဖြစ်ဖို့ ကျောင်းသားတွေက တောင်းဆိုတဲ့အခါမှာ ကိုဝေမိုးနိုင်ဟာ တကသများကွန်ရက် (မုံရွာ) ကို ကိုယ်စားပြုပြီး အစည်းအဝေးတွေနဲ့ ဆန္ဒပြသပိတ်မှောက်တာမှာ ပါဝင်ခဲ့ပါတယ်။
“၂၀၁၄ - ၁၅ မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ ဝေမိုးနိုင်က တကသများကွန်ရက် (မုံရွာ) ကို ကိုယ်စားပြုပြီးတော့ သေသေချာဦးဆောင်မှု ပေးခဲ့တာတွေရှိပါတယ်။” လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။
ကျောင်းပြီးတက်ကြွလှုပ်ရှားသူအဖြစ် ဖြတ်သန်းမှု
အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်အစိုးရလက်ထက် ၂၀၁၇ မှာ ဘွဲ့ရပြီးတဲ့နောက်ပိုင်း ကိုဝေမိုးနိုင်ဟာ ကျောင်းသားဘဝ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဖွဲ့စည်းဖြစ်ခဲ့တဲ့ Peacock Generation Youth Empowerment Society ဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုမှာ ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားခဲ့ပါတယ်။
ဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်းထဲက ပြည်သူလူထုရဲ့ နိုင်ငံရေးသဘောထားကို စစ်တမ်းကောက်ခံတာ၊ ဒေသန္တရအဆင့် စီမံအုပ်ချုပ်မှုဆိုင်ရာသင်တန်း၊ ဟောပြောပွဲ၊ တိုင်းဒေသကြီးအဆင့် လွှတ်တော်ရေးရာ သုတေသနလုပ်ငန်းတွေနဲ့ ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။
လူငယ်ရေးရာကော်မတီဖွဲ့တဲ့အခါမှာလည်း ကိုဝေမိုးနိုင်ဟာ စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီရဲ့ အတွင်းရေးမှူးတာဝန်ကိုယူပြီး လူငယ်တွေရဲ့ အရေးကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။
ကိုဝေမိုးနိုင်ဟာ ဒီမိုကရေစီရေးလှုပ်ရှားရာမှာ နိုင်ငံရေးပါတီတွေကြား ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်လိုသူဖြစ်တာကို တွေ့ရတယ်လို့ ပြည်သူ့ပါတီအဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီပါတီက တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အတိုက်အခံနိုင်ငံရေးပါတီဝင်တွေတက်ရောက်တဲ့ မုံရွာလူငယ်ရေးရာ ကော်မတီရုံးခန်းဖွင့်ပွဲမှာ ကိုဝေမိုးနိုင် အဖွင့်အမှာစကားပြောစဉ် သူတို့လူငယ်တွေအနေနဲ့ ရွေးကောက်ပွဲအသိပညာပေးလုပ်တဲ့အခါ ဘယ်ပါတီအတွက်မှ မဲဆွယ်သွားမှာ မဟုတ်တဲ့အကြောင်း ပြောခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။
“ပြောစရာရှိတဲ့ ကိစ္စမှာတော့ လူငယ်ပီပီ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားနဲ့ သူတို့ရဲ့ ခံယူချက်၊ သူတို့လုပ်ဆောင်ပေးမယ့်အရာတွေကို အများရှေ့မှာ ချပြပြောဆိုရဲတဲ့ သတ္တိရှိတာကို တွေ့ရတယ်ဗျ။” လို့ သူက ပြောပါတယ်။
အသက်မွေးဝမ်းကြောင်းအနေနဲ့က ကိုဝေမိုးနိုင်ဟာ Danish Institute for Parties and Democracy (DIPD) မှာ အလုပ်ဝင်ပြီး နိုင်ငံအနှံ့ခရီးထွက်ကာ လွှတ်တော်ကဏ္ဍအားကောင်းဖို့နဲ့ လွှတ်တော်အမတ်တွေ စွမ်းဆောင်ရည်မြှင့်သင်တန်းတွေကို မန္တလေးက ဒေါက်တာတေဇာစန်းတို့နဲ့အတူ လုပ်ကိုင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ် အလိုအရှိဆုံးဖြစ်လာတဲ့ ပန်ဒါ
၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့ရက်မှာတော့ ကိုဝေမိုးနိုင်ဟာ ရန်ကုန်မှာရှိနေခဲ့ပါတယ်။ အဲဒီနောက် မုံရွာက သူငယ်ချင်းတွေနဲ့အတူ ဘာလုပ်ရမယ်ဆိုတာကို အွန်လိုင်းပေါ်ကနေ အစည်းအဝေးလုပ်ပြီး သူရဲ့ မူလလှုပ်ရှားရာ မုံရွာကို ပြန်လာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို သူနဲ့တောက်လျှောက်အတူတူ လုပ်ဖြစ်ခဲ့ကြတယ်လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။
သပိတ်ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုစိုးဝင်းဆွေကလည်း “မနက်ပိုင်းမှာ သပိတ်ထွက်ရင် ညပိုင်းတွေမှာ အမြဲတမ်း Zoom ကနေတဆင့် မုံရွာသပိတ်အစည်းအဝေးတွေထိုင်တယ်။ နောက်နေ့မှာ ဘယ်အကြောင်းအရာတွေကို ကျနော်တို့လုပ်ကြမယ်။ နိုင်ငံရေးအရ ဘယ်လို တရားတွေဟောကြမယ်ပေါ့ဗျာ။ ဘယ်လမ်းကြောင်းကနေ သပိတ်မှောက်မလဲဆိုတာ ကျနော်တို့ အမြဲတမ်းတိုင်ပင်ဆွေးနွေးတယ်ပေါ့။” လို့ ဆိုပါတယ်။
လူထုရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အရှိန်မြင့်လာတာနဲ့အတူ ကိုဝေမိုးနိုင်ဟာ မုံရွာမှာသာကမ သူ့ရဲ့ ဟောပြောမှုတွေကို နားထောင်ရတဲ့ နိုင်ငံတဝှမ်းက လူထုကြား သပိတ်ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ခံလာရပါတယ်။
“ကျနော်တို့မြင်တာ သူက ပြည်သူလူထုအပေါ်မှာ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိတယ်။ သူပြောခဲ့တဲ့ သပိတ်တရားတွေက၊ နိုင်ငံရေးတရားတွေက ပြည်သူလူထုရဲ့ ရင်ထဲကို ထိတယ်။ စကားလုံးကလည်း မြန်မာစကားလုံးကို သူသေသေချာချာ ကောင်းကောင်းမွန်မွန်သုံးနိုင်တယ်။” လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။
ဒီလိုနဲ့ သူတို့အပေါင်းအဖော်တွေဟာ မုံရွာရဲ့ လမ်းမတွေထက်မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြလိုက်၊ ဟောပြောလိုက်၊ သင်္ကြန်တွင်း သံချပ်ထိုးလိုက်နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတုန်း တရက်မှာတော့ ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းတာကို ခံလိုက်ရပါတယ်။
၂၀၂၁ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ မုံရွာသပိတ်ကော်မတီက မော်တော်ယာဉ်တွေကို မုံရွာမြို့နယ်အတွင်းလှည့်လည်ပြီး ဟွန်းအဆက်မပြတ်တီးတဲ့ ဟွန်းသပိတ်လုပ်ဖို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။
ကိုဝေမိုးနိုင်တို့ သူငယ်ချင်းတစုဟာ နေ့လယ်ခင်းမှာ ဆိုက်ကယ်တွေစီးပြီး သပိတ်စစ်ကြောင်းနဲ့အတူ လမ်းမပေါ်ထွက်လာနေရင်း မျက်နှာချင်းဆိုင်ကနေ မောင်းဝင်လာတဲ့ကားက ကိုဝေမိုးနိုင်ရဲ့ ဆိုက်ကယ်ကို ဝင်တိုက်ပြီး အရပ်ဝတ်လက်နက်ကိုင်တွေက သူ့ကို ဖမ်းခေါ်သွားကြပါတယ်။
အဲဒီနေ့က ကိုဝေမိုးနိုင်နဲ့ အတူရှိတဲ့ ကိုခန့်ဝေဖြိုးက “တပ်ဦးအလံကိုင်တဲ့ဆိုင်ကယ် နောက်မှာ ကျနော်တို့ ဆိုင်ကယ်ပေါ့နော်။ ကားက ရပ်နေရာကနေ မောင်းထွက်လာပြီးတော့ ကျနော်တို့ ၂ စီးကို ကျော်သွားပြီး ဝေမိုးနိုင်ပါတဲ့ ဆိုင်ကယ်ကို သေသေချာချာ ကွေ့ချတိုက်သွားတာ။ ကျနော်တို့လည်း လွတ်သွားတယ်ဆိုပေမဲ့ သိသိချင်းကျနော်တို့ ပြန်ဝိုင်းတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့ဘက်က လူတွေက သေနတ်နဲ့ချိန်ပြီးတော့ မသေချင်ရင် နောက်ဆုတ်ပေါ့။ အဲဒီလိုမျိုးတွေ လုပ်တော့ ကျနော်တို့က ကယ်မထုတ်နိုင်ခဲ့ဘူး။” လို့ ပြောပြပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့ ဒီဗီဒီယိုမှတ်တမ်းဟာ ဖေ့စ်ဘွခ်တိုက်ရိုက်ထုတ်လွှင့်မှုကနေ တစိတ်တပိုင်းမြင်ရတဲ့ ဆန္ဒပြပြည်သူတွေကို ခံပြင်းဒေါသထွက်စေခဲ့ပါတယ်။
ကိုဝေမိုးနိုင် အဖမ်းခံသွားရတဲ့အခါမှာတော့ သူတို့ကျောင်းသားအဖွဲ့ဝင်တွေဟာ နောက်ထပ် အဖမ်းမခံရအောင် နေအိမ်တွေကနေ အသီးသီးပြောင်းရွှေ့ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ကလည်း သတင်းပေးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးယန္တရားကိုသုံးပြီး သူတို့အလိုရှိသူတွေကို လိုက်လံရှာဖွေခဲ့ကြပါတယ်။
“အဲဒီနေ့ကဆို ကျနော်တို့ ဘာမျှကို မပြောနိုင်လောက်တဲ့အထိကို ကိုယ့်သူငယ်ချင်းလည်း ဟုတ်တယ်၊ ကိုယ့်ရဲဘော်လည်း ဟုတ်တယ်။ ကျနော်တို့ကလည်း ခံပြင်းဒေါသလည်းထွက်တယ်။ တော်တော်လေးလည်း အံ့ဩတုန်လှုပ်တယ်။ စိတ်မကောင်းလည်းဖြစ်တယ်ပေါ့နော်။” လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။
နာရီပိုင်းအကြာမှာ ကိုဝေမိုးနိုင်ရဲ့ဖေ့စ်ဘွခ်အကောင့်ကနေ ကိုဝေမိုးနိုင် အဖမ်းခံခဲ့ရပုံအကြောင်းနဲ့ သူအဖမ်းမခံရခင်ကတည်းက တခုခုဖြစ်သွားရင် ဒီအကောင့် ဆက်သုံးနိုင်ဖို့ သူ့သူငယ်ချင်းတွေကို လွှဲပေးထားခဲ့တာဆိုပြီး ပို့စ်တခုတက်လာခဲ့ပါတယ်။
နောက်တနေ့မှာ ရိုက်နှက်ခံထားရလို့ ဖူးရောင်နေတဲ့ မျက်နှာပုံနဲ့ ဝေမိုးနိုင်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီး လူထုကို ပိုလို့ ဒေါသထွက်စေခဲ့ပါတယ်။
စစ်တပ်ရဲ့ ကြေညာချက်မှာ ကိုဝေမိုးနိုင်ဟာ ဆူပူဆန္ဒပြတာ၊ ဝန်ထမ်းတွေ စီဒီအမ်လုပ်ဖို့ အကျပ်ကိုင်တာ၊ ပြစ်မှုကျူးလွန်လာအောင် လှုံ့ဆော်တာ၊ လူမှုရေးပြစ်ဒဏ်ခတ်တာ၊ ဝရမ်းထုတ်ခံထားတဲ့ CRPH အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ကာ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းပေးတာအပါအဝင် တခြားသောပြစ်မှုတွေကို ကျူးလွန်တယ်ဆိုကာ မုံရွာသပိတ်ကော်မတီဝင်တွေဖြစ်တဲ့ ကိုခန့်ဝေဖြိုးနဲ့ ကိုစိုးဝင်းဆွေတို့အပါ ဆက်စပ်သူစုစုပေါင်း ၂၀ ကျော်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အဲဒီနောက် အကြမ်းမဖက်ဆန္ဒပြနေတုန်း အကြမ်းဖက်ဖမ်းဆီးခံလိုက်ရတဲ့ ကိုဝေမိုးနိုင်ဟာ လူသတ်မှု၊ ဓားပြမှု၊ လက်နက်ကိုင်ဆောင်မှုအပါ ကြီးလေးတဲ့ ပုဒ်မအရေအတွက် ၁၀ ခုကျော်နဲ့ တရားစွဲခံရကာ စစ်တပ်က ထိန်းချုပ်ထားတဲ့ ထောင်တွင်းတရားရုံးတွေမှာ အမှုတွေကို ၂ နှစ်ကျော်ကြာ ရင်ဆိုင်ရပြီးနောက် ထောင်ဒဏ်စုစုပေါင်း ၇၄ နှစ် ချမှတ်တာကို ခံလိုက်ရတယ်။
ကိုဝေမိုးနိုင် ခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ မသီတာ (စမ်းချောင်း) က “သူ့ရဲ့ လူထုကို စည်းရုံးနိုင်တဲ့အစွမ်း၊ ရှင်းပြပေးနိုင်တဲ့အစွမ်းတွေကြောင့် လူထုဟာ သူနဲ့ အတူလိုက်ပါပြီးတော့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းဆောင်ရွက်နိုင်လောက်အောင် သူက သက်ရောက်မှုတွေကြီးစေတဲ့အခါကျတော့ ဒီလို အငြှိုးတကြီးနဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခဲ့တယ် လို့ပဲ ယူဆပါတယ်။” လို့ မှတ်ချက်ပြုပါတယ်။
လက်တလောမှာ ကိုဝေမိုးနိုင်လွတ်မြောက်ရေးအတွက် PEN International ရဲ့ အကျဉ်းကျ စာရေးဆရာကော်မတီက ကြေညာချက်ထုတ်တောင်းဆိုမှုတွေလုပ်နေတာရှိသလို စာပေဆွေးနွေးဝိုင်းမှာလည်း သူ့အတွက်ခုံအလွတ်ထားပြီး ဂုဏ်ပြုပေးနေကြပါတယ်။
ခုဆို နွေဦးတော်လှန်ရေး လူထုသပိတ်ခေါင်းဆောင် ပန်ဒါလို့ ချစ်စနိုးအခေါ်ခံရတဲ့ ကိုဝေမိုးနိုင်ဟာ အကျဉ်းထောင်ထဲမှာ အသက် ၃ နှစ်ကြီးသွားခဲ့ပြီဖြစ်ပြီး ၂၀၂၄ စက်တင်ဘာ ၂၆ မှာ သူ့အသက် ၂၉ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ထောင်ကျပြီးနောက် သူ့မွေးနေ့တိုင်းမှာလည်း သူ့ကို သတိရကြတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေတွေက အမှတ်တရစကားတွေနဲ့ ဆုတောင်းပေးလေ့ရှိကြပါတယ်။
အသက် ၂၉ နှစ်ပြည့်အတွက်လည်း သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် တိုက်ပွဲဝင်ဖော်ဝင်ဖက်လည်းဖြစ်တဲ့ ကိုခန့်ဝေဖြိုးက ခုလိုအမှတ်တရစကားဆိုပါတယ်။
“ဝေမိုးနိုင် အချုပ်အနှောင်တွေထဲကနေ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီးတော့ သူလိုလားတဲ့၊ ကျနော်တို့ဖြစ်စေချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ့နော် အမြန်ဆုံးတည်ဆောက်ရေးကို သူ့အနေနဲ့ အပြင်မှာလွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရဖို့အတွက် ကျနော်တို့ကတော့ ဆုတောင်းချင်တယ်။”
#မြေလတ်အသံ
#ဆောင်းပါး #ရုပ်ပုံလွှာ #မုံရွာ #ဝေမိုးနိုင် #ပန်ဒါ #သပိတ်ခေါင်းဆောင်
Share Share Share