အကျဉ်းသားတိုင်းခံစားခွင့်ရှိတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို NLD ထိပ်သီးပိုင်းနဲ့ ပါတီဝင်တွေမရကြ

အကျဉ်းသားတိုင်းခံစားခွင့်ရှိတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို NLD ထိပ်သီးပိုင်းနဲ့ ပါတီဝင်တွေမရကြ

အကျဉ်းသားအားလုံး ထောင်ဝင်စာတွေ့ခွင့်ရပြီလို့ စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့် အကျဉ်းသားတိုင်းခံစားခွင့်ရှိတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို NLD ထိပ်သီးပိုင်းနဲ့ ပါတီဝင်တွေ မရကြဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ ရက်မှာပဲ ပဲခူးတိုင်းအတွင်းက အကျဉ်းထောင်တခုမှာ အကျဉ်းကျနေတဲ့ NLD အစိုးရဝန်ကြီးဟောင်းတဦးကို သွားတွေ့ရာမှာ တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"သူတို့ လုပ်ချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့စေချင်လို့ အားလုံးကိုသိမ်ကျုံးပြီး မတွေ့ခိုင်းတာလို့မြင်တယ်။”လို့  NLD အစိုးရဝန်ကြီးဟောင်းတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။ 

ဒါ့အပြင် နိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားအားလုံးနီးပါး မိသားစုနဲ့ လွတ်လပ်စွာ ထောင်ဝင်စာတွေ့ခွင့်ရနေကြပေမယ့် NLD ပါတီထိပ်သီးပိုင်းတွေနဲ့ ပါတီဝင်တွေကတော့ တွေ့ခွင့်မရကြသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြေလတ်အသံကို ပြောပါတယ်။

" NLD ပါတီဝင်တွေ ဝန်ကြီး၊ အမတ်နဲ့ ကျနော်တို့ရဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အမေဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင် တော်တော်များများကို မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ မကြားရသေးဘူး။" လို့ ပြောပါတယ်။

အမှန်တကယ်တော့ ထောင်ဝင်စာတွေ့ခွင့်ဆိုတာ အကျဉ်းသားတိုင်း ရသင့်ရထိုက်တဲ့ အကျဉ်းသားအခွင့်အရေးဖြစ်ပေမယ့် စစ်ကောင်စီက ကိုဗစ်-၁၉ ရောဂါကိုအကြောင်းပြကာ ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အခုထောင်ဝင်စာတွေ့ခွင့် ပြန်ပေးခဲ့ပေမယ့်လည်း " မိသားစုဝင်တွေကို လွယ်လွယ်ကူကူ တွေ့ခွင့်မရဖို့အတွက် ကန့်သတ်ချက်တွေ အများကြီးပါတယ်" လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထောင်ဝင်စာတွေ့ခွင့်ရရှိဖို့ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ တပတ်အတွင်းပြုလုပ်ထားတဲ့ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေအပြင် ကိုဗစ်ကာကွယ်ဆေးထိုး ၂ကြိမ်ထိုးပြီးကြောင်းထောက်ခံစာ စာတာတွေလိုအပ်မှာဖြစ်ပါတယ်။

“စာရွက်စာတန်းမိတ္တူကူးခဆိုပြီး ပိုက်ဆံ ၈၀၀ ပေးရတာရှိတယ်။ တလတကြိမ် တွေ့ခွင့်ပေးမယ်ပြောတယ်။ ပထမနေ့က မနက် ၂၀ ဦးနဲ့ နေ့လယ် ၂၀ ဦးလောက်တွေ့ရတယ်။ သောကြာနေ့မှာ အကျ(ထောင်ကျ)နဲ့  တနင်္လာနဲ့အင်္ဂါမှာ အချုပ်တွေ့ခွင့်ရမယ်ပြောတယ်”လို့ တောင်ငူထောင်မှာ ထောင်ဝင်စာသွားရောက်တွေ့ဆုံသူ နိုင်/ကျဉ်း မိသားစုဝင်တဦးက ပြောပါတယ်။ 

ထောင်ဝင်စာတွေ့ခွင့်ရကြောင်း အကျဉ်းထောင်အချို့က အသိပေးတာတွေရှိပေမယ့် ပေါင်းတည်ထောင်ကတော့ အသိပေးတာမျိုး မရှိသလို၊ သာယာဝတီထောင်မှာလည်း စာရွက်စာတမ်း မစုံလင်လို့ ထောင်ဝင်စာတွေ့ခွင့်မရဘဲ ပြန်လာရသူတွေလည်းရှိတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့ဒေသက အကျဉ်းသားမိသားစုဝင်တွေအနေနဲ့ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာရရှိဖို့ ခဲယဉ်းမှာဖြစ်သလို အချို့ဒေသတွေမှာ ကိုယ်လွတ်ရုံးပြီးထွက်ပြေးနေရတဲ့အခြေအနေတွေမှာ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာတွေက ထိုးပြီးထားရင်တောင်ပြန်ရှာဖို့ ခက်ခဲမှာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အောက်တိုဘာ ၂၅ ရက်အထိ  စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၂ သောင်း ၅ ထောင်ကျော်ရှိပါတယ်။ 

အဲ့ဒီထဲက လူ ၂ သောင်းနီးပါး ဖမ်းခံထားရဆဲဖြစ်ကာ ၈ ထောင်နီးပါး ထောင်ဒဏ်ချခံထားရသလို သေဒဏ်ချမှတ်ခံထားရသူ ၁၂၀ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #အကျဉ်းသားအခွင့်အရေး #ထောင်ဝင်စာ #NLD #ခေါင်းဆောင် #ပါတီဝင် #ပိတ်ပင် #သမ္မတ #ဒေါ်အောင်ဆန်းစုကြည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10