အကြိမ်ကြိမ်မီးရှို့ခံရတဲ့ ရွာက စစ်ရှောင်တွေနေတတ်တဲ့ အထက်တန်းကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြန်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာက အထက်တန်းကျောင်းကို ထိတွေ့ပစ်ခတ်မှုမရှိပဲ စစ်ကောင်စီစစ်တပ်ဖွဲ့တွေက မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထန်းပင်ကုန်းရွာကနေတဆင့် ချမ်းသာရွာထဲကို ဝင်ရောက်လာခဲ့ပြီး မေလ ၄ ရက် ဒီနေ့မနက် ၇ နာရီလောက်မှ ရွာမှာရှိတဲ့ ၂ ထပ်ဆောင် အထက်တန်း ကျောင်းကို မိုင်းခွဲမီးရှို့ပြီ ကျေးရွာထဲမှာတပ်စွဲထားတယ် လို့ People’s Defense Comrade က ပြန်ကြားရေးတာဝန်ခံ အမေ့သားက ပြောပါတယ်။
“စာသင်ကျောင်းက ပိတ်ထားတာတော့ ကြာပြီ။ ဒီစာသင်ကျောင်းဟာ ဘေးရွာက စစ်ရှောင်တွေလာရင်လည်း အဲဒီစာသင်ကျောင်းထဲမှာပဲ လက်ခံကျွေးမွေးတာတွေ လုပ်တယ်။ စစ်ကြောင်းက စာသင်ကျောင်းထဲဝင်ပြီတော့ မိုင်းခွဲပြီးမီးရှို့တယ်။ ကျောင်းဝန်းထဲမှာရှိတဲ့ သူငယ်တန်းကနေ ၅ တန်း ၆ တန်းအထိရှိတဲ့ ကျောင်းဆောင်လေးကတော့ သူတို့မီးရှို့မရှို့တာတော့ အတည်မပြုနိုင်သေးဘူး” လို့ ဆိုပါတယ်။
အဲဒီစာသင်ကျောင်းဟာ ၁၀ တန်းအထိတက်ရောက်နိုင်တဲ့ အထက်တန်းအဆင့်ရှိ ကျောင်းဖြစ်သလို စစ်ရှောင်တွေလာတဲ့အခါမှာလည်း ကျွေးမွေးခိုလှုံတာတွေ လုပ်နေတဲ့ကျောင်းလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အဲဒီစစ်ကြောင်းဟာ ကျေးရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုး လုပ်ဆောင်ခြင်းမရှိသေးပေမဲ့လည်း စစ်ကြောင်းသုံးကြောင်းဖြန့်ပြီး ထန်းပင်ကုန်းရွာ၊ ချမ်းသာရွာနဲ့ ရွာသစ်ရွာမှာ တပ်စွဲထားတယ်လို့ တာဝန်ခံက ဆက်ပြောပါတယ်။
“နေအိမ်တွေကိုတော့ လက်ရှိမှာ မီးမရှို့သေးဘူး။ ရှို့စရာလည်းမရှိတော့ဘူးလေ။ အခုအကြိမ်နဲ့ဆို မီးရှို့ခံရတာ ၅ ကြိမ်ရှိပြီ။ အခုလည်း မြေပြင်ဘာတိုက်ပွဲမရှိပဲနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့တာ။ အခုလက်ရှိသူတို့က ချမ်းသာရွာကြီးအတွင်းမှာရော ချမ်းသာရွာမြောက်ဘက်ပိုင်း တောနေကျောင်းတိုက်ထဲ၊ ချမ်းသာတောင်ဘက်ခြမ်း သုခါရာမကျောင်းထဲမှာကော ရွာသစ်ရွာနဲ့ ကုန်းသာရွာထဲမှာပါ ရှိနေတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် ထန်းပင်ကုန်း၊ ချမ်းသာ၊ ရွာသစ်၊ ကုန်းသာ၊ တောင်စွယ်၊ မရိုးကုန်း နဲ့ ညောင်လှရွာ တို့က ဒေသခံပြည်သူ ၃ ထောင်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချမ်းသာရွာဟာ ၂၀၂၂ ခုနှစ် မေလမှာ တကြိမ်၊ ဇွန်လမှာ တကြိမ်၊ ဒီဇင်ဘာလမှာ တကြိမ်၊ ၂၀၂၃ ဇန်နဝါရီလမှာ သက်တမ်း ၁၂၅ နှစ်ကျော်တိုင်တိုင်ရှိတဲ့ ရှေးဟောင်းတမိုင်းဝင် ကက်သလစ် ဘုရားကြောင်းနဲ့ ယနေ့ မေလ ၄ ရက်မှာတကြိမ် စုစုပေါင်း ၅ ကြိမ်တိတိ မီးရှို့ဖျက်ဆီး ခံထားရပါတယ်။
ပုံစာ - ချမ်းသာရွာက သက်တမ်း ၁၂၅ နှစ်ရှိ ဘုရားကျောင်းနဲ့ နေအိမ်တွေကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက မီးရှို့ဖျက်စီးခဲ့ကြစဉ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share