အချုပ်ချထားတဲ့ အမျိုးသမီးတဦးအား အဓမ္မပြုတဲ့ အချုပ်ခန်းစောင့် ၈ ဦးကို ဖမ်းဆီးစစ်ဆေးနေ

အချုပ်ချထားတဲ့ အမျိုးသမီးတဦးအား အဓမ္မပြုတဲ့ အချုပ်ခန်းစောင့် ၈ ဦးကို ဖမ်းဆီးစစ်ဆေးနေ

မကွေးတိုင်း၊ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသမီးကို  အဓမ္မပြုကျင့်ခဲ့တဲ့ တာဝန်ကျအချုပ်ခန်းစောင့် ၈ ဦးကို ချုပ်နှောင်စစ်ဆေးနေတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူမှာ ခိုးမှုကျူးလွန်တယ်ဆိုပြီး ဆောပအဖက ဖမ်းဆီးအချုပ်ချထားတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး တိုက်နယ်အုပ်ချုပ်ရေးမှူးကနေ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေအဖြစ် အစမ်းခန့်အပ်ထားတဲ့ အမျိုးသား ၈ ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီအမျိုးသား ၈ ဦးကလည်း ယခင်က စာရိတ္တမှု(ခိုးဆိုးလုနှိုက်)နဲ့ အချုပ်ကျခံထားရသူတွေ ဖြစ်တယ်လို့  သိရပါတယ်။ 

“သူတို့ ၈ ဦးကို ဖမ်းဆီးထားတယ်။ လွှတ်ထားတာမျိုးမရှိဘူး။ ပုဒ်မတပ်တာ၊ အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ပြည့်သူကာကွယ်ရေးအဖွဲ့နဲ့ ဥပဒေရေးရာတာဝန်ခံ ဆောင်ရွက်နေပြီး ပြစ်မှုပြစ်ဒဏ်နဲ့ညီတဲ့ ပြစ်ဒဏ်ချနိုင်ရေးကို တရားရေးဌာနဘက်က အမျိုးသားညီညွတ်ရေးအစိုးရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ် "လို့ ဒေါက်တာကြည်စိုးထွန်း က ပြောပါတယ်။

ဒီပြစ်မှုကို အခုနှစ် ဧပြီလနောက်ဆုံးအပတ်လောက်မှ သိခဲ့ရတာဖြစ်ပြီး ကျူးလွန်သူ ၈ ဦး အချင်းချင်းစကားများရာကနေ အနီးဝန်းကျင်ရှိ ပြည်သူအချို့က ကြားသိတိုင်ကြားတဲ့အတွက် အမှုပေါ်ပေါက်ခဲ့တာဖြစ်ပြီး ၇ ဦးကို ဇွန်လ ၂၉ ရက်မှာဖမ်းမိကာ ကျန် ၁ ဦးကိုတော့ ဇူလိုင် ၃၁ ရက်မှ ဖမ်းမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

ယခင်က ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ခန့်ရာမှာ ရပ်ရွာကယုံကြည့်စိတ်ချရသူတွေလို့ ထောက်ခံသူတွေကို သာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ခန့်အပ်တာဖြစ်ပြီး သူတို့ကို အချုပ်ခန်းစောင့်ဖို့နဲ့ ထိန်းသိမ်းဖို့ တာဝန်းပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဥ်ကတော့ စခန်းတာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုအားနည်းချက်ကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်နောင် အခုလို့မဖြစ်ဖို့အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကို စနစ်တကျခန့်အပ် လုပ်ဆောင်သွားမယ်လို့ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။  

ဒါ့အပြင် ဒီဖြစ်စဥ်အတွက် သတင်းထုတ်ပြန်တာ နောက်ကျတာနဲ့ပတ်သက်ပြီးတော့လည်း ဒေါက်တာ ကြည်စိုးထွန်းက ခုလို ပြောပါတယ်။ 

“သတင်းထုတ်ပြန်တာ နောက်ကျတယ်ဆိုတာက အခုလိုပြစ်မှုမျိုးတွေကို ပုံမှန်ဖမ်းဆီးအရေးယူနေကျ ဖြစ်တော့ အထူးတလည်သတင်းထုတ်ပြန်တာမျိုး မရှိတာပါ။ အခုသတင်းနဲ့ပတ်သက်ပြီး မီဒီယာတွေပေါ်ကို ရောက်ရှိလာလို့ ပြည်သူလူထုနားလည်မှုလွဲမှာစိုးလို့ အခုမှ သတင်းထုတ်ပြန်ရတာပါ" 

ပြစ်မှုကျူးလွန်သူတွေကို ဘယ်လိုပြစ်မှုပြစ်ဒဏ် ချမှတ်သွားမယ်ဆိုတာနဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

လက်ရှိမှာ ဆောမြို့နယ်ပြည်သူအုပ်ချုပ်ရေးနယ်မြေအတွင်း လူသတ်မှု အဓမ္မပြုကျင့်မှုနဲ့ လိမ်လည်မှုအပါအဝင် ဖမ်းဆီးချုပ်နှောင် အမှုစစ်ဆေးခံနေရသူ ၂၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ဆော #အဓမ္မမှု #ဆောပအဖ #ပြည်သူ့လုံခြုံရေးအဖွဲ့ #ပြစ်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10