အင်ပင်စစ်ဆေးရေးဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ထိခိုက်တာတွေရှိ

အင်ပင်စစ်ဆေးရေးဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ထိခိုက်တာတွေရှိ

မကွေးတိုင်း၊ ပခုက္ကုမြို့နယ်၊ အင်ပင်ရွာက စစ်ဆေးရေးဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇူလိုင် ၂ ရက် ည ၁၀ နာရီလောက်မှာ မိုင်းဆွဲခံရလို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်တယ်လို့ Young Force-UG တပ်ဖွဲ့ဆီက သိရပါတယ်။

 

အင်အား ၄၀ နီးပါးရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ပခုက္ကူမြို့ပေါ်ကနေ စစ်ကား ၅ စီးနဲ့ထွက်လာပြီး  အင်ပင်ရွာမရောက်ခင်မှာ ခြေလျင်စစ်ကြောင်းနဲ့ ဆက်ထွက်ခွါလာစဉ် ကိုးပင်ရွာနဲ့ အင်ပင်ရွာကြားအရောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးထိန်း GPS မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

“ကားနဲ့လာပြီး အင်ပင်မရောက်ခင်လမ်းဆင်းလျှောက်တာ၊ မိုင်းဆွဲလိုက်တော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ သေဆုံးတာတော့ အတည်မပြုနိုင်သေးပါဘူး။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာတွေရှိတယ်” လို့ Young Force-UG တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့ထဲက တချို့ဟာ အင်ပင်ကျေးရွာထဲကိုဝင်သွားပြီး ကျန်တချို့ကတော့ အဲဒီလမ်းပိုင်းမှာ နောက်ချန်ကင်းပုန်းဝပ် ကျန်နေခဲ့တယ်လို့လည်း သိရပါတယ်။

 

ဒီနေ့မနက်မှာတော့ အဆိုပါလမ်းပိုင်းမှာ ဖြတ်သန်းသွားလာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖြတ်သန်းသွားလာခွင့်မပြုဘဲ နောက်ပြန်လှည့်ခိုင်းခဲ့တယ်လို့လည်းဆိုပါတယ်။

 

Young Force-UG တပ်ဖွဲ့ဟာ ဇူလိုင်လ ၁ ရက်ကလည်း ကုန်းတက်ကုန်ကျေးရွာကိုလာတဲ့ စစ်ကောင်စီကားကို မိုင်း ၃ လုံးတွဲ ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #အင်ပင် #စစ်ကောင်စီ #မိုင်းဆွဲခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10