အင်းတော်တွင် KIA KPDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးဟုဆို

အင်းတော်တွင် KIA KPDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးဟုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နံ့သာရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA / ကချင် PDF (KPDF) ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်ဆက်တိုက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KIA / KPDF တပ်ဖွဲ့မှ ၄ ဦးသေဆုံးသွား သလို စစ်ကောင်စီတပ်ဘက်ကလည်း အယောက် ၄၀ နီးပါးသေဆုံးသွားတယ်လို့ သိရပါတယ်။
 
နံ့သာရွာတွင် ရက်ပေါင်း ၂၀ ကြာတပ်စွဲထားတဲ့ အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၆ ရက် မနက် ၉ နာရီခန့်မှာ နံ့သာရွာကနေ မော်တိတ်ရွာဘက်ကို စစ်ကြောင်းထိုးဖို့ထွက်လာချိန် KIA/KPD ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်တိုက်ခဲ့တယ်လို့ Indaw Revolution – IR မှပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
“ပထမရက်တိုက်ပွဲက မနက် ၉ နာရီကနေဖြစ်တာ၊ နေ့လယ် ၁၂ နာရီကျော်သွားတယ်။ အဲဒီနေ့မှာ စခတွေဘက်က ၂၈ ယောက်ကျသွားတယ်လို့ ကျနော်တို့အတွင်းသတင်းကသိရတယ်။ ကျနော်တို့ ဘက်ကတော့ KIA ရဲဘော် ၂ ယောက်နဲ့ KPDF ရဲဘော်တဦး ကျသွားတယ်” လို့ ဆိုပါတယ်။
 
ယင်းနေ့မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ နံ့သာရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။
 
ပြီးတော့ ဧပြီလ ၇ ရက် မနက် ၇ နာရီခန့်မှာလည်း နံ့သာရွာထဲမှာ KIA / KPDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား ဒုတိယအကြိမ် ထပ်မံထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး KPDF ရဲဘော်တဦးလည်း ထပ်မံသေဆုံးသွားတယ်လို့ Indaw Revolution – IR မှပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
 
“တိုက်ပွဲ(စ)ဖြစ်တုန်းကတော့ စခ အင်အားက ၁၀၀ ကျော်ရှိတယ်။ တိုက်ပွဲဖြစ်တဲ့ ၂ ရက်အတွင်း စခဘက်က အင်အား ၅၀ လောက်ပဲရှိတော့တယ်။ မြေပြင်အတည်ပြုချက်ပေါ့နော်။ အခု စခတွေက နံ့သာရွာကနေ ထွက်သွားပြီး အောင်ကုန်းရွာမှာထပ်ပြီးတပ်စွဲထားတယ်။ စစ်တပ်ကုန်းကနေလည်း နံ့သာရွာတွေဘက်နဲ့ မော်တိတ်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေတယ်”လို့ သူက ပြောပါတယ်။
 
စစ်ကောင်စီဘက်ကသေဆုံးသွားတဲ့ သူတို့ရဲ့ ရဲဘော်တွေရဲ့ရုပ်အလောင်းတွေကို အင်းတော်မြို့နားက စစ်တပ်အခြေစိုက်တဲ့ စစ်တပ်ကုန်း(တပ်ကုန်း)မှာ သဂြိုလ်လိုက်ကြတယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
 
ဒီနေ့ (ဧပြီလ ၈ ရက်)မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်နေရာ လက်ရှိအချိန်ထိ ထပ်မံစစ်ကူလာတဲ့ စစ်ကောင်စီအင်အား ၈၀ နီးပါးဟာ နံ့သာကျေးရွာနဲ့ ၂ မိုင်လောက်သာကွာဝေးတဲ့ သက္ကယ်ကျင်းရွာထဲမှာ ရောက်ရှိနေတယ်လို့လည်းဆိုပါတယ်။
 
အခုလိုစစ်ကောင်စီတပ်ဖွဲ့တွေက နံ့သာရွာထဲမှာ တပ်စွဲထားတဲ့အတွက် နံ့သာရွာအပါအဝင်၊ အောင်းကုန်းရွာ ၊ အင်ပင်ရွာ ၊ မော်တိတ်ရွာ နဲ့ ရွာသာယာရွာ က ဒေသခံပြည်သူ ၂ထောင်ကျော်ဟာ သူတို့နေထိုင်ရာ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Indaw Revolution – IR ကထုတ်ပြန်ရေးသားထားပါတယ်။
 
ပုံစာ - တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် KPDF ရဲဘော်တဦး။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10