အင်းတော်မြို့အဝင်ဂိတ်တွင် ဖုန်းတွေစစ်ဆေးပြီး လုံခြုံရေးတင်းကျပ်

အင်းတော်မြို့အဝင်ဂိတ်တွင် ဖုန်းတွေစစ်ဆေးပြီး လုံခြုံရေးတင်းကျပ်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့အဝင်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွား ပြည်သူတွေနဲ့ မြို့အဝင်အထွက်လုပ်သူတွေကို မှတ်ပုံတင်တွေ စစ်ဆေးတာအပြင် တယ်လီဖုန်းတွေကိုပါ စစ်ဆေးပြီး လုံခြုံရေးတင်းကျပ်ကာ ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကောလင်းမြို့ကို သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း အခုလို လုံခြုံရေးတင်းကျပ်တာတွေ ပိုမိုပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

အင်အား ၂၀ ကျော် နဲ့ အထိုင်ချထားတဲ့ အဲ့ဒီမြို့အဝင်ဂိတ်ဟာ အရင်က  ခရီးသွားပြည်သူတွေကို မှတ်ပုံတင်တွေသာ စစ်ဆေးမှုပြုလုပ်ခဲ့ရာက အခုအခါမှာတော့ ကား၊ ဆိုင်ကယ်တွေအပြင် တယ်လီဖုန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်လာတာဖြစ်ပြီး နိုဝင်ဘာလအတွင်း ဖမ်းဆီးခံရတဲ့သူ ၁၅ ဦးထက်မနည်း ရှိလာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ခရီးသွားပြည်သူ ၆ ဦး နဲ့ အင်းတော်မြို့ထဲက ပြည်သူ ၉ ဦးတို့ဖြစ်ပြီး သူတို့ကို အင်းတော်ရဲစခန်းနဲ့ စစ်တပ်ကုန်းတွေမှာ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။ 

အဲ့ဒီ စစ်ဆေးရေးဂိတ်မှာ အထိုင်ချထားတဲ့ ရဲတပ်သားတွေဟာ အရင်က နဘားလမ်းဆုံမှာသာ အထိုင်ချ တပ်စွဲထားကြပြီး မကြာခဏ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကို ခံရပြီးတဲ့နောက်မှာတော့ အင်းတော်မြို့ အဝင်ဂိတ်မှာ ပြန်လည်အထိုင်ချခဲ့တာလို့လည်း ဒေသခံတွေကဆိုပါတယ်။

“ဓာတ်ပုံတွေ စစ်တယ်။ သူတို့မသင်္ကာတဲ့ဖုန်းတွေဆို ကွန်ပျူတာနဲ့ထိုးပြီး စစ်တယ်။ တရုတ်ပြည်ကနေပြန်လာတဲ့ ကောင်လေးတယောက်လည်း သူ့ဖုန်းထဲမှာ လက်နက်ကိုင်ထားတဲ့ ပုံတွေ့ပြီး အဖမ်းခံလိုက်ရတယ်” လို့ အင်းတော်မြို့ခံတဦးက ပြောပါတယ်။

အင်းတော်မြို့ဝင်ဂိတ်ကို စစ်ကောင်စီ၊ ရဲတပ်ဖွဲ့တွေက မနက် ၆ နာရီကနေ ညနေ ၆ နာရီ အထိ စစ်ဆေး မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ အခုလို ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် ခရီးသွားပြည်သူတွေ အနေနဲ့လည်း သတိနဲ့သွားလာကြဖို့ကိုလည်း သူက ဆက်ပြောပါတယ်။

“ **တွေက သူတို့ကြောက်တော့ လုံခြုံရေးတွေ တင်းကျပ်မှာပဲ။ အဲ့အတွက်ကြောင့် ခရီးသွားမယ်ဆိုရင် Safe ဖြစ်တဲ့ ဖုန်းတွေကို ကိုင်စေချင်တယ်။ ဒါမှမဟုတ် ဖုန်းထဲမှာရှိတဲ့ နိုင်ငံရေးပုံတွေ ဖျက်ပြီးတော့မှ ခရီးသွား စေချင်တယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းလောက်ကလည်း အင်းတော်မြို့အဝင်ဂိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုဇော်မျိုးနိုင်၊ ကိုတင်မောင်ဝင်းကို ရာဇသတ်ကြီး ပုဒ်မ ၁၂၄ - ဂ အရ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပြီး၊ ကိုကျော်သက် နဲ့ မသီတာဝင်းတို့ကိုတော့ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ်  ၇ နှစ်စီချမှတ်ခဲ့ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့ #စစ်ကောင်စီ #လုံခြုံရေးတင်းကျပ် #နဘား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10