အညာဒေသ တော်လှန်ရေးအထူးတပ်ဖွဲ့က ပိုရင်ကူအစီအစဉ်နဲ့ ဆေးခန်းဖွင့်ပြီး ကုသပေးနေ

အညာဒေသ တော်လှန်ရေးအထူးတပ်ဖွဲ့က ပိုရင်ကူအစီအစဉ်နဲ့ ဆေးခန်းဖွင့်ပြီး ကုသပေးနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ - S.T.A.R က ဆေးခန်းတခု ဖွင့်လှစ် ထားပြီး ဒေသခံတွေကို ကုသပေးနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုသရာမှာ ဆရာဝန်တဦးနဲ့ တပ်တွင်းသူနာပြုသင်တန်းတွေ သင်ကြားပြီးစီးထားတဲ့ သူနာပြု ၆ ဦးအပါ ပေါင်း ၇ ဦးနဲ့  ပြီးခဲ့တဲ့ မေလလောက်ကတည်းက စတင်ကာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ဆေးခန်းဖွင့်ထားပြီး လက်ရှိမှာ တနေ့ကို ၂၀ ဦးခန့် လာရောက်ကုသတယ်လို့ ပြောပါတယ်။ 

ဝေးလံတဲ့ကျေးရွာတွေကိုတော့ ကြိုတင်စီစဉ်အကြောင်းကြားပြီး ကြာသာပတေးနေ့တိုင်း တပတ်ကို တရွာနှုန်း သွားရောက်ကုသပေးခဲ့ရာ စတုတ္ထအကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိကုသပေးနေရတဲ့ အထဲမှာ ကိုယ်လက်‌ခြေထောက်တွေ ထုံနာကျင်နာဝေဒနာသည်တွေ အတွေ့များ တယ်။ ဒါ့အပြင် ဖျားနာတဲ့အခါတွေမှာလည်း အကိုက်အခဲပျောက်‌ဆေး(ပါရာစီတမော)တွေကိုသာ သုံးစွဲနေ ကြလို့  ရေရှည်ဆက်သွားရင် ဆေးယဉ်ပါးမှုဒဏ်တွေလည်း အများကြီးခံရနိုင်တယ် “ လို့ S.T.A.R တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။

ပြည်သူ့အသက်ကို ကူညီကယ်ဆယ်ရတဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်လို့  ငွေကြေးလိုအပ်ချက်အရ တတ်နိုင်သလောက် လုပ်ဆောင်နေတာဖြစ်သလို မြန်မာပြည်တွင်းနဲ့ ပြည်ပက မိတ်ဆွေတွေကပါ ဒီထက်မက ဝိုင်းကာ ကူညီမယ်ဆိုပါက ပြည်သူ့စောင့်ရှောက်မှုဆိုတာကို အခက်အခဲမရှိလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကျေးရွာတွေအရောက် ဆေးဝါးကုသပေးရာမှာ မီးရှို့ခံရပြီး အမှန်တကယ် ဒုက္ခ‌ရောက်နေတဲ့ ကျေးရွာတွေကို အဓိကသွားရောက်တာဖြစ်သလို ကျန်းမာရေးပညာပေးတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ကုသပေးရာမှာ ဆေးဝါးခမပေးနိုင်သူတွေကို အခမဲ့ကုသနိုင်ပြီး  ပိုရင်ကူအစီအစဉ်နဲ့  စေတနာကြေး လက်ခံယူလျက် ရရှိတဲ့ငွေတွေကို အပတ်စဥ်ဆေးဝါးဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ပုံစာ - အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ - S.T.A.R က ဆေးကုသမှုမြင်ကွင်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ #ဆေးခန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10