“အနက်ရောင်သေမင်းတမန်အဖွဲ့”က သတ်ခဲ့သူတွေဟာ ပြည်ခရိုင်အတွင်းက PDF တွေ မဟုတ်ဟုဆို

“အနက်ရောင်သေမင်းတမန်အဖွဲ့”က သတ်ခဲ့သူတွေဟာ ပြည်ခရိုင်အတွင်းက PDF တွေ မဟုတ်ဟုဆို

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းမှာ သြဂုတ် ၁၄ ရက်က အသတ်ခံထားရတဲ့ အမျိုးသား ၂ ဦးအလောင်းကိုတွေ့ရှိခဲ့ပြီး အဲ့ဒီအလောင်းတွေဟာ ပြည်ခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ 

အလောင်းတွေကို သြဂုတ် ၁၄ ရက်မနက်ပိုင်းမှာ ပေါက်ခေါင်းမြို့နယ်၊ ဗောကုန်းရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအနီးမှာ “အနက်ရောင်သေမင်းတမာန်အဖွဲ့” စာပါ ကဒ်ပြားတွေနဲ့အတူ တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာပဲဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေက ပေါက်ခေါင်းမြို့ဘက်ကို သယ်သွားကြတယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့ ပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ ကျနော်တို့ ရဲဘော်တွေ ဖမ်းဆီးခံရတာ၊ ပျောက်ဆုံးတာလည်း မရှိပါဘူး။ ရှိရင် ကျနော့်ဆီကိုပဲ သတင်းပို့ကြတာပါ” လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်ညနေပိုင်းမှာ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းရွာ အုပ်ချုပ်ရေးမှူး ကိုမောင်ဝင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ - PPDF တပ်ရင်း၊ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီးနောက်တရက်မှာ ခုလိုအလောင်းတွေကို တွေ့ရှိခဲ့တာပါ။  

စစ်ကောင်စီတယ်လီဂရပ်တွေမှာတော့ ဗောဓိကုန်းအုပ်ချုပ်ရေးမှူးကိုမောင်ဝင်း အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပေါက်ခေါင်းမြို့နယ် PDF အဖွဲ့ဝင်နှစ်ဦးကို အနက်ရောင်သေမင်းတမာန်အဖွဲ့က ပြန်လည်ချေမှုန်းခဲ့တာလို့ ရေးသားဖော်ပြထားခဲ့ကြပါတယ်။  

အထက်ပါပြန်ကြားရေးတာဝန်ခံကတော့ အသတ်ခံထားရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာလည်း အတိအကျမသိရသေးသလို အခြားနေရာတခုမှာသတ်ပြီးမှ လာပစ်ထားတာလည်းဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

အလားတူ ဧပြီ ၂၂ ရက်မှာ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာအနီးမှာ လူငယ် အမျိုးသားတလောင်း၊ မေ ၆ ရက်မှာ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာမှာလည်း လူငယ်အမျိုးသားအလောင်း ၃ လောင်း၊ မေ ၁၃ ရက်မှာ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ပြည်-ပေါက်ခေါင်းကားလမ်းဘေးမှာ အလောင်း ၁ လောင်း “အနက်ရောင်သေမင်းတမာန်အဖွဲ့” စာတန်း ချိတ်ဆွဲလျက် သေဆုံးနေတာကို တွေ့ရှိခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - "အနက်ရောင်သေမင်းတမာန်" စာတန်းချိတ်ဆွဲလျက် စွန့်ပစ်ထားသည့် အလောင်းများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လူငယ် #အလောင်းတွေ့ #အသတ်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10