အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ တည်တောရွာကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဝန်းရံပိတ်ဆို့ထားဟုဆို

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ တည်တောရွာကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဝန်းရံပိတ်ဆို့ထားဟုဆို

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တည်တောရွာက ဒေသခံပြည်သူတွေကို ရွာဝင်၊ ရွာထွက်တွေ မပြုလုပ်နိုင်အောင် ဒီပဲယင်းမြို့နယ်အခြေစိုက်တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နဲ့ အဖွဲ့ပေါင်းစုံက ဝန်းရံပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေ ၂၈ ရက် မနက် ၈  နာရီဝန်းကျင်မှာ တည်တောရွာမှာ ကင်းစောင့်ပြီး ရွာထဲပြန်ဝင်လာတဲ့ ကျေးရွာက ရဲဘော် ကင်းသမားကို ကျေးရွာထဲက ဦးလေးဆောင်တို့ သားအဖ ၄ ဦးက တားဆီးပြီး ဓားနဲ့ ခုတ်ကာ သေနတ် ၁ လက်နဲ့ ဖုန်းကို လုယူသွားခဲ့ပါတယ်။ 

ဓားနဲ့အခုတ်ခံရတဲ့ ရဲဘော်ဟာ တည်တောကျေးရွာ ကျောင်းသားများအဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး အသက်မသေခဲ့ဘဲ ၎င်းဆီက သေနတ်နဲ့ ဖုန်းလုသွားတဲ့အတွက် တပ်ဖွဲ့ဝင် ၈ ဦးဟာ ဦးလေးဆောင်နေအိမ်သို့ရောက်လာပြီး လုယူသွားတဲ့ ပစ္စတို ၁ လက်နဲ့ ဖုန်းကို ပြန်ပေးရန် တောင်းဆိုရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ 

အဲဒီလိုပစ်ခတ်မှုဖြစ်ပွားနေချိန် ဦးလေးဆောင်နေအိမ်အတွင်းက ဗုံးပေါက်ကွဲပြီး နေအိမ်အတွင်းရှိ ဦးလေးဆောင်အပါအဝင် အမျိုသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ‌အမျိုးသား ၁ ဦးသာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အပြန်အလှန်ပစ်ခတ်မှုမှာ လက်နက်ထိလို့ သေသွားတာမျိုးမဟုတ်ဘူး။ သူတို့ဆီမှာရှိတဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေသွားတာ။ သားတယောက်ကတော့ မျက်လုံးထွက်သွားတယ်။ မိခင်ဖြစ်သူကတော့ ခြေထောက်တွေ ညိုမဲပြီး ဆုံးသွားတာ။ ကျန်တဲ့ ၃ ယောက်ကလည်း ဘာဒဏ်ရာမှကို မရှိဘူး။ ဒီအတိုင်းလန့်ပြီး ဆုံးသွားတာလား တော့ မသိဘူး ” လို့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိတဲ့ ဒီပဲယင်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ သူတွေထဲက ဦးလေးဆောင်ရဲ့ သားတဦးဟာ ရွှေဘိုမိုးကြိုးမုန်းတိုင်းတပ်ဖွဲ့ဝင်တဦးဖြစ်တယ်လို့ ဆိုပါတယ်။ 

ကျေးရွာထဲမှာ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် တည်တောကျေးရွာပကဖကလည်း ကျောင်းသားတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာတော့ ဒီပဲယင်းမြို့နယ်မှာ အခြေစိုက်တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ မှ ဦးဆောင်ပြီး အဖွဲ့ပေါင်းစုံ အင်အား ၂၀၀ ကျော်နဲ့ တည်တောရွာကို ရောက်လာပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ကျောင်းသားတပ်ဖွဲ့ဝင် ၈ ဦးအပြင် ကျေးရွာပကဖအဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၂ ဟာ တည်တောကျေးရွာက ကျောင်းသားအဖွဲ့ တပ်ဖွဲ့ဝင် ရဲဘော် ၈ ဦးကို ဖမ်းဆီးပြီး နှိပ်စက်တာကြောင့် ကျေးရွာနေ အမျိုးသမီတချို့က မှန်မှန်ကန်ကန် ဥပဒေအတိုင်းလုပ်ဖို့ တောင်းဆိုခဲ့ရာမှာ အဆိုပါ အမျိုးသမီးတွေပါ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်လို့ ရွာခံတဦးက ပြောပါတယ်။ 

“ရွာထဲမှာ ကလေးတွေ အချင်းချင်းဖြစ်တာ။ အဲဒါကို  ကျေးရွာတာဝန်ရှိတဲ့သူကလည်း ထိန်းထိန်းသိမ်းသိမ်း  အပြစ်ဒဏ်ခံရဖို့ကိုလည်း လုပ်ထားပေးပြီးသား။ အဲဒါကို မပြောမဆိုနဲ့ ရင်း ၁၂ က ဦးဆောင်ပြီး တည်တောရွာကို လာပြီးတော့ ရွာပတ်ပတ်လည်ကို ဝိုင်းထားတယ်။ မသိရင် တကယ့်ကို သူပုန်စခန်းကို ဝင်စီးသလိုပဲ ရွာသူရွာသားတွေရော အပြင်မထွက်ရဘူးဆိုပြီး ပြောတယ်။ အဲဒါကို အမျိုးသမီး ၆ ယောက်က  တရားဥပဒေအတိုင်းလုပ်ဖို့ ပြောတာကို ဖမ်းဆီးသွားတယ်။ ဘယ်ကိုဖမ်းဆီး သွားလဲဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။ ရပ်ရွာ ပကဖ ခေါင်းဆောင်ကိုလည်း ဖမ်းသွားတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တည်တောကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကျောင်းသားတပ်ဖွဲ့ဝင် ၂၈ ဦးရဲ့ မိဘ၊ သားသမီးတွေနဲ့ ဆွေမျိုးတွေဖြစ်တဲ့ ဦးဖိုးဇော် ၊ဒေါ်ခင်သန်းဝေ ၊ ဦးဇော်မင်းဝေ ၊ မခိုင်ဇင်ဌေး၊ ကိုဖိုးသူတို့ကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ ဒေသခံတွေဟာ မတင်မာဖြူ ၊ မဆောင်းနှင်းဖြူ ၊ မထွေး ၊ မတင့်၊ မသိန်းသိန်းဦး ၊ မဘုတ်ဘုတ် ၊ မနှင်းဆီ ၊ ကိုကခြား ၊ကိုမိုးဒီ ၊ ကိုသိန်းကျော် ၊ ကိုဦးတို့ဖြစ်ပြီး ညှိနှိုင်းဖို့သွားတဲ့ ကျေးရွာ ပကဖ ခေါင်းဆောင် ဦးဝင်းအေး ၊ ပကဖအဖွဲ့ဝင် ကိုမြင့်နွယ် ၊ ပကဖရဲဘော် မောင်မျိုးမင်းဟိန်း ၊ ရပ်မိရပ်ဖ ဦးကျော်ဝင်းနဲ့  ဦးဖိုးကျော် တို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ။

အဆိုပါရှောင်တိမ်းနေတဲ့ ကျောင်းသားများအဖွဲ့ဝင် ၂၈ ဦးဟာ ပစ်ခတ်မှုမှာ မပါတဲ့အတွက် အဖမ်းမခံနိုင်တာ ကြောင့် ရှောင်တိမ်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ပစ်ခတ်မှုမှာက လူ ၈ ယောက်ပဲပါတယ်။ အဲဒီ လူ ၈ ယောက်ကိုလည်း သူတို့ဖမ်းထားပြီးပြီ၊ အဲဒါကိုတော်ပြီလေ။ ဘာလို့ မပါတဲ့ လူတွေကိုပါထပ်ဖမ်းချင်ရတာလဲ။ အခုရှောင်နေရတဲ့ ကလေးတွေကလည်း ပစ်ခတ်မှုမှာ ပါတဲ့ကလေးတွေ မဟုတ်ဘူး။ သူတို့ကို မမိတော့ သူတို့ရဲ့ အဖေတွေ အမေတွေကို ဖမ်းခေါ်သွားတယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

မေ ၂၈ ရက်ကနေ စပြီး မေ ၃၁ ရက် ဒီနေ့ အထိ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွာထဲမှာရော ရွာပြင်မှာပါ လူအင်အားအများအပြားနဲ့ရှိနေပြီး ဒေသခံတွေကိုလည်း ရွာထဲက မထွက်ခိုင်းသလို၊ သူတို့ပြောစကားကို နားမထောင်ပါက တရွာလုံးကို ပြာကျအောင် မီးရှို့ပစ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုတာမျိုးတွေ လုပ်တယ်လို့ တည်တောကျေးရွာခံတွေက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၂ ကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲပါဘူး။ 

“ယောကျာ်းလေးမှန်သမျှ ဖမ်းမယ်ဆိုတာလည်း ပြောတယ်။ တည်တောရွာသားတွေ မှန်သမျှ ဘယ်သူမှ အပြင် မထွက်ရဘူးတဲ့။ စျေးရောင်း ၊ စျေးဝယ်တွေလည်း လုံးဝအဝင် မခံဘူး”  လို့  ဒီပဲယင်းဒေသခံတဦးက ဆက်ပြောပါတယ်။

အခုလို ရွာထဲကနေ ရွာပြင်ကိုပေးမထွက်တဲ့အပြင် မေ ၃၀ ရက်က ရွာပြင်ထွက်ပြီး ပဲသွားနုတ်တဲ့ အမျိုးသမီး ၄ ဦးကိုလည်း ရွာထဲကို ပြန်လည်ဝင်ခွင့် မပေးဘူးလို့ သိရပါတယ်။

ပုံစာ - တည်တောရွာကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ မှ တပ်ဖွဲ့ဝင်များ မေ ၂၈ ရက်က ဝင်ရောက်လာစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #တည်တောရွာ #ရွှေဘိုခရိုင်တပ်ရင်း၁၂ #ပကဖ #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10