အမတ ၃၆၈ က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေပြီး နေအိမ်ပျက်စီးမှုရှိ

အမတ ၃၆၈ က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေပြီး နေအိမ်ပျက်စီးမှုရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုအခြေစိုက် အမတ ၃၆၈ (အမှတ် ၃၆၈ အမြောက်တပ်ရင်း)ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၁၇ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီးနဲ့ ၁၇ ချက်ခန့် ပစ်ခတ်ခဲ့ရာ တပ်ရင်းရဲ့ အနောက်တောင်အရပ် ၁ မိုင်ခွဲအကွာရှိ ကြန်တောရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ကျောက်ထု(တပ်) ပတ်လည်ကို ရမ်းသမ်းပစ်ခတ်နေတာပါ။ ညပိုင်းဆို ပစ်တော့တာပဲ။ ရွာထဲက အိမ်ပေါ်ကျပြီးတော့ ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်" လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူတဦး ကပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြန်တောကျေးရွာမှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင် ဆိုသူရဲ့ ဦးခေါင်းမှာ ကျည်စဖောက်၀င်သွားခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဦးဝင်းအောင်ရဲ့ဇနီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သန်းအေးရဲ့ ခြေထောက်၊ လက်၊ တင်ပါးနဲ့ ကျောပြင်တို့မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အကိုဖြစ်သူ အသက် ၆၃ နှစ်အရွယ် ဦးသိန်း၀င်းမှာလည်း ကျောကုန်းကို ကျည် ၃ ချက်ထိမှန်ခဲ့ပြီး လက်ရှိမှာဆေးကုနေရတယ်လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူတဦး ကပြောပါတယ်။ 

အပတ်စဉ် ၄၅ တပ်ရင်းမှူး ဘုန်း၀င်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ထုအမြောက်တပ် ၃၆၈ တပ်ရင်းကနေ အနီးအနားရှိကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဥ်နီးပါးပစ်ခဲ့နေတဲ့အတွက် ဒေသခံပြည်သူတွေ သတိဝီရိယနဲ့သွားလာနေထိုင်ကြဖို့ ယောအလင်းတန်းအဖွဲ့က သတိပေးထားပါတယ်။ 

ဇူလိုင် ၁၈ ရက် ဒီနေ့လယ် ၁၁ နာရီကျော်မှာလည်း ကျောက်ထုအမြောက်တပ်ကနေ ၁၂၀ မမ ၄ လုံးနဲ့  အနီးဝန်းကျင်ကျေးရွာတွေကို ပစ်ခတ်နေပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။ 

ပုံစာ - လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည့် နေအိမ်တချို့နှင့် ဒဏ်ရာရသူများကိုတွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ကျောက်ထု #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #သေဆုံးဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10