သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တိုင်းရင်းသားတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရမှုဝေးကွာရာ ရခိုင်ရိုး၊ ပဲခူးရိုးတောတောင်တွေရဲ့ ဖုံးကွယ်မှုအားကောင်းရာဆိုတဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုံခြုံရေးအမြင်ရှိစွာနဲ့ အကာအကွယ်ယူ လျှို့ဝှက်တည်ဆောက်ထားတဲ့ ကပစတပ်တွေဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပြင်းအထန်တိုက်ခိုက်ခံရပြီး လက်လွှတ်ရလုနီးပါးဖြစ်နေချိန်မှာတော့ မျက်လုံးလှုပ်နေရပါပြီ။
အရင်က ကမ္ဘာစစ်ဖြစ်ရင်တောင် လက်နက်ပဲထုတ်ရမယ်လို့ ကြွေးကြော်ထားတဲ့ ကပစတပ်တွေဟာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ထုတ်လုပ်ရေးစစ်သားတွေကို တိုက်ခိုက်ရေးရှေ့တန်းကို ပို့ဆောင်ခဲ့ရပြီးတဲ့နောက် လက်ရှိမှာ စက်ရုံအဆောက်အဦဌာနချုပ်တွေပါ တိုက်ခိုက်ခံလာရနိုင်တဲ့ အခြေအနေပါ။
စစ်ကောင်စီတပ်အတွက်အရေးပါတဲ့ လက်နက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)တပ် ၂၅ တပ်၊ အကြီးစားစက်ရုံ (တကစ) ၄ ခုနဲ့ ထုတ်လုပ်ပေးနေတာဖြစ်ပြီး အဲ့ဒီထဲက ကပစတပ်ပေါင်း ၂၀ နီးပါးဟာ မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးနဲ့ မကွေးတိုင်းအတွင်း ပုသိမ်-မုံရွာလမ်းရဲ့ တဖက်တချက်စီမှာ အခြေပြုတည်ဆောက်ထားပါတယ်။
အထူးသဖြင့် မကွေးနဲ့ ပဲခူးတိုင်းအတွင်းက အဲဒီလမ်းပိုင်းတဖက်တချက် မနီးမဝေးအကွာအဝေးတွေမှာ တည်ဆောက်ထားတဲ့တပ်တွေဖြစ်တဲ့ ငဖဲ ကပစ ၁၄၊ စေတုတ္တရာ ကပစ ၂၀၊ လောင်းရှည် ကပစ ၂၅ တပ်တွေမှာ အဓိက တိုက်ခိုက်ခံလာရနိုင်ပြီး ကဇွန်းမ ကပစ ၂၁ ၊ ရွေဘိုးကျွန်း ကပစ ၂၂၊ ပေါက် ကပစ ၂၄ တွေဟာလည်း စစ်ရေးအရ အနီးကပ်ဖိအားပေးခံရလာနိုင်ပါတယ်။
ဒါကြောင့် စစ်ကောင်စီက အမ်းနပခ မကျဆုံးဖို့ အမ်း-ပဒါန်းလမ်းပိုင်းနံဘေးရှိ ငဖဲမြို့နယ်အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၄ )မှာ ရဟတ်ယာဉ်တွေအခြေပြုကာ အမ်းမြို့ကို စစ်အင်အားနဲ့ လက်နက်၊ ခဲယမ်းဖြည့်တင်းတာနဲ့ လေကြောင်းကနေ အဆက်မပြတ်ပစ်ကူပေးနေတာတွေ လုပ်ဆောင်နေပါတယ်။
အာရက္ခတပ်တော်-AA ရဲ့ ဒီဇင်ဘာ ၇ ရက် တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ အမ်းမြို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုအတွင်း အမ်းမြို့ နပခကို ဝန်းရံထားတဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်း၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့တပ်တွေအပါအဝင် တိုက်ခိုက်ရေး/လက်ရုံးတပ်ရင်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီး နပခဌာနချုပ် ၁ ခုသာကျန်တော့ကာ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးအခြေအနေရုပ်သံမှတ်တမ်းတွေမှာတော့ နပခမှာ ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား အလံဖြူထောင်လက်နက်ချသွားပြီး တိုင်းစစ်ဌာနချုပ် အဆောက်အဦတွေလည်း မီးလောင်ပျက်စီးနေတာကို တွေ့ရပါတယ်။
အမ်း နပခ ကျဆုံးသွားရင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပုသိမ်-မုံရွာလမ်းဘေးတကြောက ကပစတပ်တွေဆီကို ရောက်ရှိဖို့ ကြားထဲမှာ စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ် အတားအဆီးတခုမှမရှိတော့ဘဲ အလွယ်တကူ ဆက်လက်ထိုးစစ်ဆင်နိုင်မယ့် အခြေအနေပါ။
ဒါ့အပြင် ဒီဇင်ဘာလ ၁၅ ရက်မှာ တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) အပါ စစ်ကောင်စီတပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး တောင်ကုတ်မြို့တခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့ အာရက္ခတပ်တော်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ရခိုင်အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
တောင်ကုတ်ကို သိမ်းပိုက်ထားနိုင်တာကြောင့် ရခိုင်ရိုးမဖြတ်လမ်းနောက်တခုဖြစ်တဲ့ ပန်းတောင်း-တောင်ကုတ် လမ်းပိုင်းနံဘေးမှာရှိတဲ့ ပန်းတောင်းမြို့ နယ်ထဲက ကပစ ၃၊ ၅၊ ၆၊ ၉ တပ်တွေဟာလည်း တိုက်ခိုက်ခံရလာနိုင်တဲ့ အခြေအနေမှာရှိပါတယ်။
အထက်ပါဖော်ပြခဲ့တဲ့ ကပစတပ်တွေထဲက ရခိုင်ရိုးမအခြေမှာရှိတဲ့ ကပစ ၁၄၊ ကပစ ၂၀၊ ကပစ ၂၁ နဲ့ ကပစ ၂၅ တို့ ဟာ စစ်ကောင်စီတပ်အတွက် အရေးကြီးလက်နက်ခဲယမ်းတွေကို ထုတ်လုပ်ပေးနေတဲ့ တပ်တွေပါ။
မြေဧကသောင်းချီသိမ်းပိုက်ပြီး စက်ရုံတည်ဆောက်လေ့ရှိတဲ့ ကပစတပ်တွေဟာ တပ်ဧရိယာလည်း ကျယ်ဝန်းသလို အဲ့ဒီတပ်တွေဟာ သာမန်ခြေလျင်၊ ခြေမြန်တပ်ရင်းတွေထက် ဖွဲ့စည်းပုံအင်အားကြီးမားပြီး ကပစတပ်တခုမှာ အနည်းဆုံးအရာရှိ၊ စစ်သည်အင်အား ၄၀၀ နဲ့ အထက်ရှိတယ်လို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
ကပစ ၁၄ ဟာ ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ရခိုင်ရိုးမအခြေမှာတည်ရှိတဲ့တပ်ဖြစ်ပြီး တပ်အင်အား (အရာရှိ၊ အခြားအဆင့်) ၄၀၀ ကျော် ၊ စစ်သည်အစားခန့် အမြဲတမ်းအရပ်သားဝန်ထမ်း(အမျိုးသမီး) ဝန်ထမ်း အင်အား ၅၀၀ ခန့် စုစုပေါင်း အင်အား ၁,၀၀၀ နီးပါးနဲ့ လည်ပတ်နေတာလို့ သိရပါတယ်။
ငဖဲ ကပစ ၁၄ နဲ့ စေတုတ္တရာ ကပစ ၂၀ တို့ဟာ လေယာဉ်ပစ်လက်နက်တွေဖြစ်တဲ့ SAM-16 IGLA၊ Air to Air Missile၊ Laser Beam Guided Missile တွေ ထုတ်လုပ်နေတာဖြစ်ပြီး ကပစ ၁၄ စက်ရုံမှူးက ဗိုလ်မှူးကြီး ဇော်ရဲထွေး ဖြစ်ကာ ကပစ ၂၀ စက်ရုံမှူးက ဗိုလ်မှူးကြီး သက်ဝင်းအောင် ဖြစ်ပါတယ်။
ဒါ့အပြင် ကပစ ၁၄ တပ်အနီးမှာ ရခိုင်ပြည်နယ်ကသွယ်တန်းလာတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရှိနေပြီး အဲ့ဒီပိုက်လိုင်းလုံခြုံရေးအတွက် ကင်းစခန်း ၆ ခုထားရှိကာ အဆိုပါကင်းစခန်း ၆ ခုအပါ တပ်အတွင်း၊ အပြင် ဧရိယာပတ်လည်မှာ ကင်းစခန်း ကြီး၊ ငယ် ၂၄ ခုနဲ့ဝန်းရံထားပါတယ်။
ကပစ ၂၁ ကတော့ စစ်ကောင်စီလေတပ်တိုက်လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုနေတဲ့ 100 kg, 150 kg, 200 kg, 300 kg (ပေါင်ဗုံးသီး) စတဲ့ ဗုံးသီးတွေအဓိကထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး စက်ရုံမှူးက ဗိုလ်မှူးကြီး ညီညီလတ် ဖြစ်ပါတယ်။
အမ်းနပခ အခြေအနေတွေကြောင့် ကပစ ၁၄ အပါအဝင် ပဒါန်းတပ်နယ်က တပ်ဖွဲ့တွေဖြစ်တဲ့ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) ၊ အမှတ် ၃၇၅ အမြောက်တပ်ရင်း၊ အမှတ် ၄၀၉ အမြောက်တပ်ရင်းတွေမှာ စစ်အင်အားတွေဖြည့်တင်းထားပြီး ကပစ ၁၄ အတွင်းမှာလည်း တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi 35 ၁ စီး အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဒါ့အပြင် မန်းရွှေစက်တော်ရာဘုရားအနီး တောင်ကုန်းတွေမှာလည်း လက်နက်ကြီးတွေအထိုင်ချကာ စစ်ကောင်စီ တပ်အင်အားရာနဲ့ချီတပ်စွဲပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေထံနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။
ဒီအခြေအနေတွေဟာ နပခစစ်ဌာနချုပ်ကျဆုံးလုနီးပါးဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်အတွက် အရေးကြီးလက်နက်ခဲယမ်းတွေ ထုတ်လုပ်နေတဲ့ ကပစစက်ရုံတွေ ဆက်လက်တိုက်ခိုက်ခံရနိုင်ခြေကြောင့် စစ်ကောင်စီတပ်က ပြင်ဆင်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး အမ်းမြို့ မကျဆုံးမီကတည်းက ကပစက်ရုံတွေကို ယာယီခံစစ်အနေနဲ့ အဝေးစည်းကနေ ခုခံနိုင်ဖို့ ပြင်ဆင်နေတာမျိုးတွေလည်းတွေ့ရတယ်လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
အမ်း၊ တောင်ကုတ် ကျဆုံးမှုဟာ ကပစစက်ရုံတွေကို အလုံးစုံမသိမ်းပိုက်နိုင်သေးပေမယ့် စစ်ကောင်စီရဲ့ လျှို့ဝှက်လက်နက်စက်ရုံတွေဟာ ဧကသောင်းနဲ့ ချီကျယ်ဝန်းတာကြောင့် ကပစတပ်တွေ မကျရှုံးရေး ပြင်ဆင်ရလို့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရမယ့်အခြေအနေကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
“ မသိမ်းပိုက်နိုင်သေးရင်တောင်မှ ပရိုဒက်ရှင်း(လက်နက်ခဲယမ်းထုတ်လုပ်ရေး)လုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ့် အခြေအနေရှိတယ်။ ဘာလို့ ပရိုဒက်ရှင်းတွေ ရပ်ဆိုင်းသွားမလဲဆိုတော့ ကပစ ၂၀ လိုတပ်မျိုးဆိုရင် ဧက ၅ သောင်းနီးပါး ကျယ်ဝန်းစွာလုပ်ထားတဲ့အတွက် စက်ရုံအကျယ်အဝန်းဧရိယာတွေအတွက် စိုးရိမ်ပြီးတော့ ထုတ်လုပ်ရေးစစ်သည်တွေကို လုံခြုံရေးအင်အားအဖြစ် သေချာပေါက်သုံးလာရမယ်ဆိုတာမျိုး တွေ့မြင်တယ်” လို့ သူက ပြောပါတယ်။
အမ်းနဲ့တောင်ကုတ်ကို သိမ်းပိုက်မှုအပြီးမှာ ကပစစက်ရုံတွေအများစုရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို စတင်ထိုးဖောက်လာနိုင်ပြီး ကပစစက်ရုံတွေရဲ့ စက်ရုံဌာနချုပ်နေရာတွေ ဆက်လက်သိမ်းပိုက်မှု အခြေအနေတွေ ကိုတော့ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
“ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစအစုအဖွဲ့တွေတည်ရှိရာနေရာကို စတင်ခြိမ်းခြောက်နေပြီလို့ ပြောရမှာဖြစ်ပါတယ်”
#မြေလတ်အသံ
#အမ်း #နပခ #ကပစ #သုံးသပ်ချက် #ဆောင်းပါး
Share Share Share