အမ်း-ပဒါန်းလမ်းပေါ်မှာ စစ်အုပ်စုယာဥ်တန်းတိုက်ခိုက်ခံရလို့ သေဆုံးသူများပြီး သေနတ် ၁ လက်ရရှိ

အမ်း-ပဒါန်းလမ်းပေါ်မှာ စစ်အုပ်စုယာဥ်တန်းတိုက်ခိုက်ခံရလို့ သေဆုံးသူများပြီး သေနတ် ၁ လက်ရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ စွန်တက်ရွာနဲ့ လင်းတဲရွာအကြားမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရကာ သေဆုံးသူများပြီး သေနတ် ၁ လက်ရရှိခဲ့တယ်လို့ PRA-Magway အဖွဲ့ စစ်ဦးစီးချုပ်ဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီရဲ့တပ်မ ၈၈ လက်အောက်ခံ စစ်သားအင်အား ၅၀ ခန့်လိုက်ပါလာတဲ့ ရိက္ခာတင်ကား ၃ စီးဟာ အမ်းမြို့ဘက်ကိုလာချိန် မိုင်းဆွဲပြီး ချုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ကား ၃ စီးလာတာကို ကြိုသတင်းရလို့ ကျနော်တို့စောင့်နေခဲ့တယ်။ အဲ့အထဲက ကား ၂ စီးကတော့ မိုင်ကွင်းထဲဝင်ပြီးတော့ ရှေ့ဆက်သွားလို့မရအောင် ပျက်စီးသွားတယ်။ အဲ့နောက် တိုက်ပွဲအပြန်အလှန် ၅ မိနစ်လောက်ဖြစ်ခဲ့တယ်။" လို့ PRA - Magway အဖွဲ့ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ၉ ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၃၀ တောင့်ရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

လက်ရှိအချိန်ထိလည်း တိုက်ပွဲဖြစ်တဲ့နေရာမှာ စစ်ကောင်စီအဖွဲ့တွေရှိနေပြီး စခန်းချတပ်စွဲနေကြတယ် လို့ သိရကြောင်း စစ်ဦးစီးချုပ်နောင်သူရိန်က ပြောပါတယ်။ 

PRA - Magway အဖွဲ့ဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာပထမပတ်အတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ငယ် ၈ လက်၊ ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မနက်ပိုင်းကလည်း အမ်း-ပဒါန်းလမ်းပေါ်၊ ခွန်ဇူရွာလမ်းခွဲမှာ စစ်ကားတွေကိုလုံခြုံရေးယူမယ့် စစ်သားအင်အား ၂၀ ကျော်ကို ချင်းကာကွယ်ရေးတပ် - အရှို CDF-Asho က တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး သေနတ်နဲ့ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ငဖဲ #အမ်းပဒါန်း #စစ်ကောင်စီ #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10