အမ်းဘက်က ထွက်ပြေးလာတဲ့ စစ်သားတွေကို ငဖဲမှာ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ) ■ ၅ ဦးသေပြီး ၁၂ ဦး အရှင်ဖမ်းမိကာ သေနတ် ၁၅ လက်အပါ ခဲယမ်းမျိုးစုံကာကွယ်ရေးတပ်သိမ်းဆည်း

 

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အမ်းမြို့ဘက်မှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဇန်နဝါရီ ၁၃-၁၄ ရက်မှာ ၂ ရက်တာတိုက်ပွဲဖြစ်ပွားပြီး စစ်သားတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် အရှို (CDF-Asho) ဆီက သိရပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာတဲ့ စစ်သားတွေကို ပိတ်ဆို့တားဆီးခဲ့ရာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦး အရှင်ဖမ်းဆီးရမိကာ သေနတ် ၁၅ လက်၊ စိန်ပြောင်း ၁ လက်၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက်က အမ်း-ပဒါန်းလမ်းမပေါ်ရှိ ကြက်ရေစမ်းရွာစခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီးမှာ တားဆီးပိတ်ဆို့ထားချိန် လက်နက်မချတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၄ ရက်ကလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို ငဖဲမြို့နယ် ရှောက်တောင်ရွာအနီး ကပစ ၁၄ နဲ့မီတာ ၂,၀၀၀ ခန့်အကွာမှာ လက်နက်မချတာကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်မှ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သားတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်စစ်သား ၈ ဦး ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ အရှင်ဖမ်းဆီးမိတဲ့ စစ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၆ ရက်ဒီကနေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ကာ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ငဖဲ #စစ်ကောင်စီ #တိုက်ပွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10