သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အစပ် တမိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦးဖမ်းဆီးရမိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် - SAF တပ်ဖွဲ့ဆီက သိရပါတယ်။
တမိုင်ကုန်းစခန်းကဆုတ်ခွာလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင်ဦးစီး စစ်ကောင်စီတပ်အင်အား ၃၀ ကျော်ကို နိုဝင်ဘာ ၂၃ ရက်က အမ်း-ပဒါန်းလမ်းပိုင်းတနေရာမှာ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ၁၅ မိနစ်ကျော်အကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"လွန်ခဲ့တဲ့ ၂ ပတ်လောက်က အမ်းကနေ ဆုတ်ခွာထွက်ပြေးလာကြတာပါ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီးတော့ ဖွဲ့စည်းပုံပျက်သွားတယ်။ လက်နက်ချတဲ့သူချ၊ ထွက်ပြေးတဲ့သူပြေးနဲ့ ၁၄ ဦး လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။" လို့ SAF စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာ က ပြောပါတယ်။
အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နဲ့ အနီးတဝိုက်ရှိ စစ်ကောင်စီတပ်၊ စခန်းတွေကို အာရက္ခတပ်တော် - AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဲ့ဒီထိုးစစ်တွေအတွင်း အမ်း နပခနဲ့ လက်အောက်စစ်ကောင်စီတပ်၊ စခန်းတွေ သိမ်းပိုက်ရရှိထားကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးများပြားနေသလို စခန်းစွန့်ခွာပြီး အမ်း-ပဒါန်းလမ်းပိုင်းတွေဘက်ကို အသီးသီးဆုတ်ခွာထွက်ပြေးနေတာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်သား ၂ ဦးသေဆုံးကာ ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးမိခဲ့ပြီး MA 1 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ လက်ကိုင်ဖုန်းနဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဖမ်းဆီးရမိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို SAF က ဆေးဝါးကုသပေးနေပြီး စစ်သုံ့ပန်းမူဝါဒအတိုင်းထိန်းသိမ်းထားကာ တိုက်ပွဲအတွင်းလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ဖို့အတွက်လည်း နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ SAF တပ်ဖွဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။
တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် SAF၊ အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့စစ်သားတွေကို အမ်း-ပဒါန်းလမ်းပိုင်း ခွန်ဇူရွာလမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီးလက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ဖမ်းဆီးမိသည့် စစ်သားတချို့နှင့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#အမ်း #နမခ #စစ်တပ် #ဖမ်းဆီး #ငဖဲ
Share Share Share