အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway) အဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဆီက သိရပါတယ်။

ပဒါန်းဘက်ကနေ အမ်းမြို့ဘက်ကို ဦးတည်လာတဲ့ အင်အား ၄၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီလောက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာက နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"တိုက်ပွဲအတွင်းမှာတော့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၉ ယောက်လောက်ကျသွားတာကို မြင်ခဲ့ရတယ်လို့ မြေပြင်က သတင်းပို့ပါတယ် " လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway) စစ်ဦးစီးချုပ် နောင်သူရိန်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြား အတည်မပြုနိုင်သေးပါဘူး။ 

ခြုံခိုမတိုက်ခိုက်ခင် အမ်းမြို့ဘက်ကို ဦးတည်လာတဲ့ မစခ ၉၀၅ လက်အောက်ခံ စစ်ကောင်စီကား ၃၀ ဝန်းကျင်ကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမယ့် မိုင်းချို့ယွင်းမှုဖြစ်ခဲ့တဲ့အတွက် မတိုက်ခိုက်နိုင်ဘဲ ယာဥ်တန်းနောက်ကပါလာတဲ့ နောက်ချန်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။ 

“ ခုတိုက်ခိုက်ခံရတဲ့ အင်အား ၄၀ လောက်က ကားပျက်တာရယ်၊ လမ်းကြောင်းလုံခြုံရေးပေးတာရယ် ကျန်ခဲ့တာဖြစ်တယ်၊ ယာဥ်တန်းထွက်ပြီး နာရီဝက်အကြာမှ ရောက်လာတာကို တိုက်ခိုက်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်ပြီး ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့ကာ စစ်ကောင်စီစစ်ကြောင်းကတော့ ဂုတ်ကြီးကျေးရွာဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေကတော့ တိုက်ခိုက်မှုဖြစ်တဲ့နေရာမှာဘဲရှိနေသေးကြောင်း မြေပြင်သတင်းပေးတွေရဲ့ ပြောပြချက်အရသိရတယ်လို့ စစ်ဦးစီးချုပ်နောင်သူရိန်က ပြောပါတယ်။ 

အဆိုပါ အမ်း-ပဒါန်းလမ်းမပေါ်ရှိ စစ်တပ်ဂိတ် ၂ ခုကိုလည်း နိုဝင်ဘာ ၅ ရက်မနက်ပိုင်းမှာ PRA - Magway အဖွဲ့နဲ့ အရှိုချင်းကာကွယ်ရေးတပ် - ACDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦးကျော် သေဆုံးခဲ့ရပါသေးတယ်။

အမ်း-ပဒါန်းလမ်းပိုင်းဟာ ရခိုင်ကို စစ်လက်နက်ရိက္ခာပို့ရာမှာ စစ်ကောင်စီက အဓိကအသုံးပြုတဲ့ လမ်းဖြစ်တာကြောင့် တော်လှန်းရေးအဖွဲ့တွေက ပူးပေါင်းပြီး ထိန်းချုပ်ဖို့ကြိုးစားလျက်ရှိနေတယ်လို့လည်း စစ်ဦးစီးချုပ်နောင်သူရိန်က ပြောပါတယ်။ 

ပုံစာ - စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် PRA - Mgway တပ်ဖွဲ့၀င်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ငဖဲ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10