အမျိုးသမီးယာဥ်ထိန်းရဲအရာရှိ သေနတ်ပစ်ခံရပြီးနောက် မန္တလေးမြို့တွင်း ယာဉ်အဖမ်းအဆီးအနည်းငယ် ရှင်းသွား

အမျိုးသမီးယာဥ်ထိန်းရဲအရာရှိ သေနတ်ပစ်ခံရပြီးနောက် မန္တလေးမြို့တွင်း ယာဉ်အဖမ်းအဆီးအနည်းငယ် ရှင်းသွား

မန္တလေးမြို့မှာ ယမန်နေ့အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက အမျိုးသမီးယာဥ်ထိန်း ဒုရဲအုပ်သေနတ်ပစ်ခံရပြီးတဲ့နောက် ဒီကနေ့ ယာဉ်ဖမ်းဆီးမှုတချို့  နည်းပါးသွားသလို ဖမ်းဆီးမှုတချို့မှာ ယာဉ်ထိန်းရဲတွေပါဝင်မှုလည်း နည်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက် ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊  ၆၆ လမ်းနဲ့ ၆၈ လမ်းကြား ၂၇ လမ်း၊ အောင်မြေသာစံမြို့နယ်၊ ၈၁ လမ်းနဲ့ ၂၄ လမ်းကြား နေရာ ၂ ခုမှာ ယာဉ်စစ်ဆေးမှုတွေပြုလုပ်နေပေမယ့် ယာဉ်ထိန်းရဲတွေ မတွေ့ရသလောက်နည်းပါးနေပြီး မထသ(မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ) တွေသာဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

" ဒီနေ့တော်တော်နည်းတယ်။ အရင်ကလည်း ဒီလိုပစ်ခတ်မှုဖြစ်ရင်ခဏငြိမ်သွားတယ်။ တပတ်လောက်နေရင်ပြန်ဖမ်းတာပဲ "လို့ မန္တလေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် မနေ့ ညနေ ၄ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနဲ့ ၁၂၅ လမ်းကြားမှာ ဆိုင်ကယ်နဲ့ကားတွေကို ဖမ်းဆီးနေတဲ့ရဲနဲ့ ယာဥ်ထိန်း ၁၁ ဦးပါအဖွဲ့ကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခဲ့ရာမှာ အမျိုးသမီးယာဥ်ထိန်းရဲအရာရှိ ဒုရဲအုပ် ဖူးပွင့်ဇော်မှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မန္တလေးမြို့တွင်း ယာဉ်စစ်ဆေးဖမ်းဆီးမှုတွေကို စစ်ကောင်စီရဲနဲ့ ယာဉ်ထိန်းတွေက ရွေ့လျားစနစ်နဲ့ ဖမ်းဆီးလေ့ရှိပြီး ချမ်းအေးသာစံမြို့နယ်၊ ၆၉ လမ်းနဲ့ ၇၀ ကြား ၃၅ လမ်း၊အောင်မြေသာစံမြို့နယ်၊ ၇၅ လမ်း- ၇၆ လမ်းကြား  ၁၂ လမ်း ၊ ကျုံးမြောက်ဘက် စတဲ့နေရာတွေမှာ အများဆုံးဖမ်းဆီးပေမယ့် ဒီကနေ့မှာတော့ ယမန့်နေ့ ပစ်ခတ်မှုဖြစ်တဲ့နေရာအပါအဝင် အထက်ပါနေရာတွေမှာလည်း ဖမ်းဆီးမှုမရှိဘူးလို့ သိရပါတယ်။

မန္တလေးမြို့ယာဥ်ထိန်း၊ ရဲနဲ့ပျူစောထီးတွေဟာ ယာဥ်တွေကိုဖမ်းဆီးစစ်ဆေးပြီး ငွေတောင်းတာမှာ နာမည်ဆိုးနဲ့ကျော်ကြားသူတွေဖြစ်ပြီး ကိုယ်ပိုင် KBZ Pay အကောင့်တွေထဲ အထိငွေလွှဲခိုင်းတာတွေ လုပ်ဆောင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ယာဉ်ဖမ်းဆီးနေတဲ့ ယာဥ်ထိန်းရဲကို သေနတ်နဲ့ပစ်ဖို့ကြိုးစားချိန် ကျည်မထွက်တာကြောင့် ယာဥ်ထိန်းရဲလွတ်မြောက်သွားတဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

ပုံစာ - ယ​မန်နေ့ကပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူ အမျိုးသမီးယာဉ်ထိန်းရဲနဲ့ မန္တလေးမြို့တွင်းတနေရာမှာ ယာဉ်စစ်ဆေးဖမ်းဆီးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲပူးပေါင်းအဖွဲ့။

#မြေလတ်အသံ 

#မန္တလေး #ယာဥ်ထိန်းရဲ #အမျိုးသမီး #ပစ်ခတ် 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10