သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၅ နှစ်သစ်လွတ်ငြိမ်းမှာ စစ်ကိုင်းတိုင်းက NUG ထိန်းချုပ်ရာ မြို့နယ် ၅ ခုမှ အကျဉ်းသား အယောက် ၅၀ ပါဝင်တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကလေးမြို့နယ်က ၂၃ ဦး၊ ကနီမြို့နယ်က ၅ ဦး၊ အရာတော်မြို့နယ် ၁၂ ဦး၊ ဖောင်းပြင်မြို့နယ်က ၃ ဦး၊ ယင်းမာပင်မြို့နယ်က ၇ ဦး လွတ်ငြိမ်းခွင့်ရခဲ့တာလို့ သူတို့က ပြောပါတယ်။
ကလေးမြို့နယ်မှာ မတရားအသင်းအဖွဲ့ ပုဒ်မ ၁၇ (၁)နဲ့ ၁၂ ဦး၊ မူးယစ်ပုဒ်မ ၁၆ (ဂ)နဲ့ ၁၀ ဦး၊ ထိခိုက်နာကျင်စေမှုနဲ့ ၁ ဦး စုစုပေါင်းလွတ်ငြိမ်းခွင့်ရသူ ၂၃ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကလေးနယ်တောင်ပိုင်း တာဝန်ခံရဲမှူးက ဆိုပါတယ်။
"(လွတ်ငြိမ်းထဲပါတဲ့သူတွေဟာ) လူ့ပတ်ဝန်းကျင်မှာ လက်မခံနိုင်စရာရှိတဲ့သူတွေ လွတ်တဲ့အထဲမပါဘူး။ မုဒိန်းမှုတို့ လူသတ်မှုကျူးလွန်တဲ့သူတွေ မပါကြဘူး။" လို့ သူက ပြောပါတယ်။
ကနီမြို့နယ်မှာ အမျိုးသမီးများကို ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၄ နဲ့ ၁ ဦး၊ လိမ်လည်မှု ပုဒ်မ ၃၈၀ နဲ့ ၃ ဦး၊ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ၁ ဦး စုစုပေါင်းလွတ်ငြိမ်းခွင့်ရသူ ၅ ဦး ရှိတယ်လို့ ကနီမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ဆိုပါတယ်။
"အခုပြန်လွတ်တဲ့သူတွေက ပြည်သူတွေအတွက် စိုးရိမ်စရာမရှိပါဘူး။ အကျဥ်းစခန်းရဲ့ စည်းကမ်းတွေကို လိုက်နာခဲ့သူတွေပါ။ ပတ်ဝန်းကျင်ကို ထပ်နှောင့်ယှက်မဲ့သူတွေ မဟုတ်ပါဘူး။" လို့ သူက ပြောပါတယ်။
ဒါ့အပြင် အရာတော်မြို့နယ်၊ ဖောင်းပြင်မြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့ကနေလည်း လွတ်ငြိမ်းထဲပါတဲ့ ပြစ်ဒဏ်ကျ အကျဉ်းသား ၂၂ ဦး ရှိတယ်လို့ အဲဒီမြို့နယ်တွေရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် သိရပါတယ်။
ဒီအရေအတွက်ဟာ မြေလတ်အသံက လက်လှမ်းမီသလောက် သိရတာသာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေတွေရဲ့ မြို့နယ်ဘယ်နှစ်ခုက လွတ်ငြိမ်းခွင့်ရသူ စုစုပေါင်းဘယ်နှစ်ယောက်လဲကိုသိရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းထားဆဲဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက နှစ်သစ် ၂၀၂၅ မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့အနေနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားပြီး ပြစ်ဒဏ်ကျခံနေရသူ ၁၆၉ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလွတ်ငြိမ်းခွင့်ထဲမှာ အကျုံးမဝင်တဲ့ အကျဥ်းသားတွေကိုတော့ ထောင်ဒဏ်ရဲ့ ၃ ပုံ ၁ ပုံ လျှော့ပေါ့သက်သာခွင့် ပေးလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ထိုးထားတဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် ဖြစ်ပါတယ်။
ပုံစာ - အရာတော်မြို့နယ်က အန်ယူဂျီအကျဥ်းထောင်ကနေ လွတ်ငြိမ်းခွင့်ရသူတွေကို ပအဖ၊ ပလဖ၊ လူသားစာနာတာဝန်ခံနဲ့ တရားသူကြီးတို့က အမှာစကားပြောနေစဉ် / PVTV
စာတည်း - ဟယ်ရီ
#မြေလတ်အသံ
#NUG #လွတ်ငြိမ်းချမ်းသာ #နှစ်သစ်ကူး #အကျဉ်းသား
Share Share Share