အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်တိမ်းမှောက်လို့ အမျိုးသမီး ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်တိမ်းမှောက်လို့ အမျိုးသမီး ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၅၄ မှာ အောက်တိုဘာ ၁၆ ရက် ဒီကနေ့ မနက် ၅ နာရီခန့်က ခရီးသည်တင်ယာဉ်တိမ်းမှောက်လို့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို အမြန်လမ်းအတိုင်းမောင်းနှင်လာတဲ့ တက်နေလင်း ခရီးသည်တင်ယာဉ်ဟာ လမ်းမိုင်တိုင်အမှတ် ၁၅၄ အရောက်မှာ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

"လိုက်ပို့ပေးလိုက်ရတဲ့ခရီးသည် ၂ ဦးပြောပြတာကတော့ အမြန်လမ်း မြို့သစ်စစ်ဆေးရေးဂိတ်မှာ လူချိန်းမောင်းလိုက်တာ။ ဒရိုင်ဘာ(ယာဉ်မောင်း)က အိပ်တော့ စပါယ်ယာကမောင်းရင်းအိပ်ငိုက်ပြီး လမ်းဘေးထိုးကျမှောက်သွားရတာလို့ ကျနော်တို့ကိုပြောပြတယ်။" လို့ ယာဥ်တိမ်းမှောက်မှုကို သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတခုရဲ့တာဝန်ရှိသူက ပြောပါတယ်။

ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာကြောင့် တိမ်းမှောက်ခဲ့ရတယ်ဆိုတာတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အဆိုပါယာဥ်မှာ ခရီးသည် ၂၈ ဦးလိုက်ပါလာတာဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်လိုက်ပါတဲ့ အသက် ၇၀ နှစ်ခန့်အမျိုးသမီးကြီး ၁ ဦးနဲ့ အသက် ၁၄ နှစ် အရွယ်မိန်းကလေး ၁ ဦးတို့နေရာမှာပဲ သေဆုံးခဲ့ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုသမီး ၂ ဦးတို့မှာ (မစိုးရိမ်ရ)ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ရုပ်အလောင်း ၂ ခုနဲ့ ဒဏ်ရာရခရီးသည်တွေကို တောင်ငူပြည်သူ့ဆေးရုံကို ဒေသလူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးထားလို့ သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်မနက် ၄ နာရီခွဲမှာလည်း မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ ခရီးသည် ၂၅ ဦးပါ ကား ၁ စီး အမြန်လမ်းမိုင်တိုင်အမှတ် ၂၃၄/၅ နဲ့ ၂၃၄/၆ ကြားအရောက်မှာ တိမ်းမှောက်ခဲ့လို့ ခရီးသည် ၅ ဦးထိခိုက်ဒါဏ်ရာရခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ရန်ကုန်မန္တလေးအမြန်လမ်း #ယာဉ်တိမ်းမှောက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10