အမှတ်တရ ရှစ်လေးလုံး  (အက်ဆေး)

အမှတ်တရ ရှစ်လေးလုံး  (အက်ဆေး)

မြန်မာနိုင်ငံဟာ ဗြိတိသျှနဲ့ ဂျပန်တို့ရဲ့ နယ်ချဲ့ကျူးကျော်တာကိုခံခဲ့ရတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန်ဒီမိုကရေစီခေတ်၊ ပြီးတော့ ၁၉၆၂ ကစလို့ စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီး ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်ခဲ့တယ်။ 

၁၉၈၇ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ ဗိုလ်ချုပ်နေဝင်းက နိုင်ငံပိုင်ငွေစက္ကူတွေဖြစ်တဲ့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်တွေကို တရားမဝင်ငွေကြေးအဖြစ် ရေဒီယိုကနေတဆင့် ကြေညာခဲ့ပါတယ်။

နိုင်ငံပိုင်ငွေကြေးတွေကို တရားမဝင်ကြောင်းကြေညာပြီးနောက်မှာ ပြည်သူလူထုရဲ့ စီးပွားရေးတွေ ပိုမိုကျပ် တည်းခဲ့တယ်။ 

၁၉၈၈ မတ်လထဲမှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ ရပ်ကွက်နေ သူတချို့ ပြဿနာဖြစ်ခဲ့ကြတယ်။ သာမန်ပြဿနာတခုဖြစ်ပေမယ့် တိုင်းပြည်မှာ အထွေထွေကျပ်တည်းမှုဖြစ် နေတဲ့အချိန်ဆိုတော့ ဒီပြဿနာက ရှစ်လေးလုံးအရေးအခင်းကြီးကိုဖြစ်စေဖို့အတွက် မီးပွားစ တခုဖြစ်ခဲ့ပါ တယ်။

အဲဒီပြဿနာနောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့နှစ်ဦး သေဆုံးခဲ့ရတယ်။ အဲဒီနောက်မှာ တံတားနီအရေးအခင်း ထပ်ဖြစ်တယ်။ 

ဒီလိုနဲ့ အာဏာရှင်ဆန့်ကျင်ရေး ကျောင်သားလှုပ်ရှားမှုကနေ တတိုင်းပြည်လုံးရဲ့ လူထုအုံကြွမှု စစ်အာဏာရှင် ဆန်ကျင့်ရေး အရေးတော်ပုံကြီး ဖြစ်လာခဲ့တယ်။ 

အဲဒီအချိန် ကျနော်တို့က အလယ်တန်းကျောင်းသားအရွယ်။ ကျောင်းတွေပိတ်ထားတဲ့အချိန်။ ၁၉၈၈ ဩဂုတ်လ ၈ ရက် ကျနော်တို့မြို့မှာ အာဏာရှင်ဆန့်ကျင်တဲ့ပြည်သူတွေ လမ်းမပေါ်ထက် ဆန္ဒပြခဲ့ကြတဲ့ မြင်ကွင်းကို မှတ်မိနေသေးတယ်။ 

လမ်းမပေါ်မှာ "ဒို့အရေး....ဒို့အရေး" ဆိုတဲ့ အော်သံတွေကို ဆက်တိုက်ကြားခဲ့ရတယ်။ သပိတ်၊ အလံနီတွေ၊ ပိုစတာတွေ၊ ကတ်ထူစက္ကူဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ လူအုပ်ကြီးကို မှတ်မိနေသေးတယ်။ 

ကားလမ်းဘေးကနေ ကျနော်တို့ သူငယ်ချင်းတစု တအံ့တသြနဲ့ ရပ်ကြည့်နေရင်း ဘေးနားမှာရှိတဲ့ အောင်အောင် ဆိုတဲ့သူငယ်ချင်းကို “ဟေ့ကောင် ဒို့လိုက်သွားကြမယ်" လို့ ပြောလိုက်တော့ “အေး...သွားမယ်လေ” ဆိုပြီး လူအုပ်ကြီးနဲ့အတူ ဆန္ဒပြလိုက်ပါသွားခဲ့တယ်။

လမ်းလျှောက်ဆန္ဒပြတဲ့အခါ ကျနော် မှတ်မိနေတဲ့ကြွေးကြော်သံတွေက " သပိတ် သပိတ် --- မှောက် မှောက်၊ မီးဒုတ် မီးဒုတ် ---ရှို့ရှို့၊ မဆလပါတီ --- အလိုမရှိ၊ တပါတီစနစ် ဖျက်သိမ်းရေး --- ဒို့အရေး၊ စိန်လွင်ခြောက်တန်း တဇောက်ကန်း ဆောက်ရမ်းမလုပ်နဲ့၊ နဖူး ပြောင်ပြောင် ရူးကြောင်ကြောင် ဒေါက်တာမောင်မောင် ဂဲဒေါက် ဂဲဒေါက်၊ မဆလပါတီ ကျရှုံးရေး --- ဒို့အရေး --- ဒို့အရေး " ဆိုပြီး အသံချဲ့စက်ကနေ အော်ပေးသလို သံပြိုင်ဆန္ဒပြ အော်ဟစ်သံတွေကလည်း ပဲ့တင်ထပ်လို့ နေပါတယ်။

ဆန္ဒပြနေတဲ့ ကျောင်းသား၊ ပြည်သူနဲ့ သံဃာတွေအတွက် အိမ်တွေက ထမင်းထုပ်လှူတာတွေကို လိုက်လံ သိမ်းဆည်းသူတွေ၊ လမ်းတွေမှာ သောက်ရေနဲ့ မုန့်တွေလည်း ကျွေးရင်း လက်ခုပ်တီး အားပေးနေတဲ့ ပြည်သူ တွေကလည်း လမ်းမပေါ်မှာ ပြည့်နှက်နေလေရဲ့။

ဆန္ဒပြသူတွေဟာ မနက် ၁၁ နာရီကျော်မှာ မြို့လယ်ဓမ္မာရုံတခုကိုရောက်ရှိကာ ဆန္ဒပြတာကို ခေတ္တရပ်နားပြီး ပြည်သူတွေလှူဒါန်းကြတဲ့ ထမင်းထုပ်တွေကို ဝေငှလို့ပေးကြတယ်။ 

ကျနော်နဲ့ သူငယ်ချင်းအတွက် ထမင်းထုပ် တထုပ်စီ လာဝေတယ်။ ဗိုက်ကလည်း ဆာနေတော့ အင်ဖက်နဲ့ ထုပ်ထားတာကို ဖြည်လိုက်တယ်။ ကြက်သားချက်နဲ့ ပဲသီးကြော်ကို ဟင်းအနှစ်တွေ ဆမ်းပေးထားတယ်။ ခေါက်နေတဲ့အင်ဖက်ကို ဖြန့်လိုက်တာ ဖက်ကြားက ၁၀ ကျပ်တန် တရွက်ကို ပလတ်စတစ်နဲ့ ထည့်ပေးထားတယ်။ ပံ့သကူရခဲ့တာက အမှတ်တရပါ။

အဲဒီတုန်းက ကလေးဆိုတော့ ထမင်းလည်းစားရင်း ၁၀ ကျပ်တန်လည်းရဆိုတော့ စိတ်ထဲ ကြိတ်ပျော်ခဲ့ရတာ မှတ်မိနေသေးတယ်။ အမောတွေတောင် ပျောက်သွားတယ်။ အဲ့ဒီတုန်းက အလယ်တန်းကျောင်းတက်တာမှာ တရက်ကို မုန့်ဖိုး ၂ ကျပ်ပဲရတာဆိုတော့ ပျော်မိတာပါ။

ထမင်းစားနားပြီးတာနဲ့ ဆန္ဒပြသူတွေလည်း မြို့ရဲ့အရှေ့ဘက်ဆက်ထွက်တော့ ကျနော်တို့နှစ်ယောက် ဆက်မလိုက်တော့ဘဲ အိမ်ကိုခြေလျင်ပြန်လျှောက်ခဲ့ကြတယ်။

အဲဒီအချိန်အခါတုန်းက ညဘက်ဆိုရင် မြို့ပေါ်ရပ်ကွက်တွေ၊ လမ်းတွေမှာ လူစုလူဝေးနဲ့ ကင်းစောင့်ရသေးတယ်။ ကိုယ့်လမ်းကိုယ့်ရပ်ကွက်ကို ယာယီအကာအရံတွေလုပ်ပြီး လူစိမ်းအဝင်မခံရဲသလို မိုးလင်းတဲ့အထိ မျက်စိဖွင့် နားစွင့်နေကြရတာတွေ မှတ်မိနေသေးတယ်။

ရန်ကုန်မှာလည်း ကားတွေ၊ အိမ်တွေ မီးရှို့တာ၊ ခေါင်းဖြတ်သတ်တာ၊ မီးပုံထဲမှာ အလောင်းထည့်ပြီး အသဲတွေ စားပြတာ၊ ရိုက်နှက်ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကို ရုပ်မြင်သံကြားကနေ စစ်တပ်က ဝါဒဖြန့်ပြသတယ်။ 

အဲဒီအချိန်က မြန်မာဆိုရှယ်လစ်လမ်းစဥ်ပါတီ ဥက္ကဌ ဦးနေဝင်းကို အနားယူခွင့်ပေးထားတဲ့အချိန် သြဂုတ် အတွင်းမှာပဲ ဗိုလ်ချုပ်စိန်လွင်ကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့တယ်။ သူလည်း အုပ်ချုပ်တာ ရက်ပေါင်း ၂၀ တောင် မပြည့်ရှာဘဲ နုတ်ထွက်လိုက်ရတယ်။ အဲဒီနောက်မှာ ဒေါက်တာမောင်မောင် ဥက္ကဌဖြစ်လာပြီးတော့ နိုင်ငံတော် ဥက္ကဌနဲ့ သမ္မတအဖြစ် အုပ်ချုပ်ခဲ့ပြန်တယ်။

သူလည်းနိုင်ငံကို ကြာရှည်အုပ်ချုပ်ခွင့်မရခဲ့ပါဘူး။ ကတိစကားမတည်တဲ့အတွက် ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှု မရလိုက်ဘဲ ရာထူးက ဖယ်ရှားခံလိုက်ရပြန်ပါတယ်။

၁၉၈၈ စက်တင်ဘာလ ၁၈ ရက်မှာ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးစောမောင်က ပြန်လည်သိမ်းယူခဲ့ပြီး ဆန္ဒပြဦးဆောင်သူတွေ၊ ပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ပစ်ခတ်ဖမ်းဆီးပြီး ထောင်သွင်းအကျဥ်းချတာကြောင့် နယ်စပ်တွေကို ထွက်ပြေးတိမ်းရှောင်ရင်း ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်း ပြီးဆုံးခဲ့ရပါတယ်။

အခုလည်း နွေဦးတော်လှန်ရေးပေါ်ပေါက်လာတဲ့အကြောင်းရင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရတဲ့ပါတီနဲ့ လူပုဂ္ဂိုလ်တွေကို အာဏာလွှဲပြောင်းပေးဖို့ နေပြည်တော်မှာရောက်ရှိနေချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး NLD ရဲ့ အနိုင်ရပါတီဝင်တွေကို ဖမ်းဆီးထောင်ချတာတွေကို လုပ်ခဲ့ပြန်ပါတယ်။

ပြည်သူလူထုကိုလည်း ဖုန်းလိုင်းတွေဖြတ်၊ အင်တာနက်လိုင်းတွေဖြတ်ပြီး တိုင်းခရိုင်မြို့နယ်အသီးသီးမှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ ဦးဆောင်ပါဝင်သူတွေ၊ မီဒီယာသမားတွေပါမချန် တပြိုင်တည်း ဖမ်းဆီး၊ ရိုက်နှက်၊ စစ်ဆေးရင်း ထောင်ချတာတွေကို စစ်တပ်က ရှေးအစဥ်အလာအတိုင်း ကြောက်လန့်အောင် ပြုလုပ်ခဲ့ကြတယ်။

ဒါပေမဲ့ မတရားအာဏာသိမ်းမှုကြီးကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေဟာ ရက်ပိုင်းအတွင်းမှာပဲ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။

မဲမသာမှုရှိတယ်ဆိုပြီး မတရားအာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဘက်ကလည်း လူထု ဆန္ဒပြနေတာတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်လာပါတော့တယ်။

စစ်ကောင်စီက ဘယ်လိုပင်သတ်ဖြတ်ဖမ်းဆီးနေပါစေ တော်လှန်ရေးကအရှိန်လျော့မသွားဘဲ လူငယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်နေတာက ၃ နှစ်ခွဲနီးပါးရှိလာပြီး စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေ အလင်းဝင်တာ၊ သေဆုံးတာအပြင် တပ်ရင်းတွေ၊ ရဲစခန်းတွေသာမကဘဲ မြို့တွေကိုလည်း သိမ်းဆည်းလာတာ အားလုံးအသိပါ။ 

စစ်အာဏာရှင်ကျဆုံးရေး အဆုံးသတ်တိုက်ပွဲဟာ အောင်ပွဲတွေနဲ့အတူ တညီတညွတ်တည်း အနိုင်ရနေတဲ့ အလားအလာတွေရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ အားမလျော့ဘဲ ဆက်လက်ချီတက်ရင်း နွေဦးတော်လှန် ရေးမှာ ရှေ့ဆုံးကပါဝင်ခဲ့ကြတဲ့ Generation Z တွေရဲ့ ကြွေးကြော်သံအတိုင်း " ၈၈ က စေ_က်ချိုးတွေ ၂၁ မှာ လာ မချိုးနဲ့" လို့ စစ်ကောင်စီကို ပြောလိုက်ချင်ပါတော့တယ်။

#မြေလတ်အသံ

#ရှစ်လေးလုံး #အရေးတော်ပုံ #နွေဦးတော်လှန်ရေး #အက်ဆေး #စစ်အာဏာရှင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10