အမှိုက်တွေမီးရှို့ရာက PDF အဆောင်တခုမီးလောင်ပြီး ကျပ်သိန်း ၃၀ ဆုံးရှုံး

အမှိုက်တွေမီးရှို့ရာက PDF အဆောင်တခုမီးလောင်ပြီး ကျပ်သိန်း ၃၀ ဆုံးရှုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF ဌာနချုပ်က အဆောင်တခု ဧပြီ ၁၀ ရက်က မီးလောင်ပျက်စီးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်တပ်ရင်းမှာ မနက် ၇ နာရီခန့်က သစ်ရွက်ခြောက်နဲ့ အမှိုက်တွေကိုမီးရှို့ရာက ရဲဘော်တွေနေထိုင်တဲ့အဆောင်တခုကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ကျပ်သိန်း ၃၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 "အဆောင်ပတ်လည်မှာ သစ်ရွက်ခြောက်တွေကို မီးရှို့တာကနေ လောင်တာဗျ။ မီးလောင်ချိန်မှာ ရဲဘော်တွေက တခြားရောက်နေကြတယ်။ တနာရီလောက်ကြာမယ်။ လူမရှိတာရယ် ရေမရှိတာရယ်ကြောင့် မီးမနိုင်လိုက်တော့တာပါ။" လို့ YPDF တပ်ဖွဲ့ ဥက္ကဌ ရဲဘော်ယောလေးက ပြောပါတယ်။

မီးလောင်ရာမှာ ရဲဘော်တွေနေထိုင်တဲ့ အဆောင်တဆောင်နဲ့အတူ ခြုံစောင်၊ ခြင်ထောင်၊ အဝတ်အထည်၊ တခြား အသုံးအဆောင် အပါအဝင် မီးစက်၊ ဒိုင်နမိုတို့ပါ မီးလောင်ဆုံးရှုံးခဲ့ရပြီး ရဲဘော်တွတော့ ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်မှာ အခုလို မီးလောင်တာဟာ ၃ နှစ်တာအတွင်း ၃ ကြိမ်မြောက်ဖြစ်တယ်လို့ ရဲဘော်ယောလေးက ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်းကလည်း လက်နက်ဂိုဒေါင်မှာ ယမ်းအပူလွန်ကဲပြီး မီးလောင်ခဲ့ရာ ငွေသား၊ ဆိုင်ကယ်၊ ဆက်သွယ်ရေးပစ္စည်း၊ ဖောက်ခွဲရေးပစ္စည်း၊ ခဲယမ်းမျိုးစုံနဲ့ laptop တွေမီးထဲပါခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ 

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ပေါ့ဆမီးကြောင့် ဗျုဟာရုံးမီးလောင်မှုဖြစ်ပွားခဲ့ရာ TV၊ ဆက်သွယ်ရေးပစ္စည်း၊ စာရွက်စာတမ်းနဲ့ အခြားပစ္စည်းအချို့ပျက်စီးကာ ကျပ်သိန်း ၂၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ကိုယောလေးက ပြောပါတယ်။ 



ပုံစာ - YPDF စခန်း ရဲဘော်အဆောင်တခု မီးလောင်နေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #YPDF #မီးလောင်ပျက်စီး #ပစ္စည်းမျိုးစုံဆုံးရှုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10