သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ထဲမှာ ဇန်နဝါရီ ၃ ရက် ဒီမနက် ၉ နာရီလောက်ကစပြီး အရပ်ဝတ်နဲ့စစ်ကောင်စီအဖွဲ့၀င်တွေက အိမ်စီးကားအသုံးပြုပြီး လူငယ် ၆ ဦးကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပန်းတောင်းမြို့နယ်၊ တုံကင်းအုပ်စု၊ တုံကင်းရွာက အသက် ၂၅ နှစ်ဝန်းကျင်အရွယ် မောင်သက်ပိုင်ဦး၊ ကုန်းကလေးအုပ်စု၊ ကျားအိုရွာက မောင်အောင်ဟိန်းနဲ့ မောင်ဖြိုးသက်နိုင်တို့အပါအဝင် အမျိုးသား ၆ ဦးတို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
မောင်အောင်ဟိန်းကို တုံကင်းရွာမှာပန်းရံလုပ်နေချိန်ဝင်ဖမ်းခဲ့ပြီး ကိုသက်ပိုင်ဦးကို တုံကင်းနဲ့ကျားအိုရွာကြား ကျေးရွာချင်းဆက်လမ်းမှာဖမ်းဆီးကာ ကိုဖြိုးသက်နိုင်ကိုတော့ တုံကင်းရွာကို မီးသွေးဝယ်ဖို့ဆိုင်ကယ်နဲ့သွားစဉ် တုံကင်းရွာထိပ်ဘုန်းကြီးကျောင်းအနီးမှာ ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
ကိုသက်ပိုင်ဦးဟာ ဇနီးဖြစ်သူနဲ့အတူ ဆိုင်ကယ်စီးလာချိန်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇနီးကိုတော့ဖမ်းဆီးမသွားဘူးလို့ ဆိုပါတယ်။
“ဖမ်းတဲ့သူတွေက အရပ်သားဟန်ဆောင်လာတာ၊ အိမ်စီးကားတွေနဲ့၊ ဖမ်းတဲ့အချိန်မှာ ဘာမှမပြောဘူး အတင်းကိုချုပ်ပြီးကားပေါ်ဖမ်းတင်တာ။ စခန်းရောက်မှရှင်းဆိုပြီးပြောတယ်။ သက်ပိုင်ဦးမိန်းမက ငိုပြီးတောင်းပန်တာမရတာ။ ဘယ်ကိုခေါ်သွားလဲတော့ မသိရသေးဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ကျန်လူငယ် ၃ ဦးရယ် အချက်အလက်တွေကိုအသေးစိတ်မသိရသေးဘဲ သူတို့ကို ပုသိမ်-မုံရွာကားလမ်း ကျားအိုရွာထိပ်ကားဂိတ်မှာ ကားစောင့်နေချိန်ဖမ်းဆီးခံခဲ့ရတာပါ။
ဒါ့အပြင် မောင်ဖြိုးသက်နိုင်ရဲ့ဆိုင်ကယ်ကိုတော့ ဖမ်းတဲ့သူတွေက ဓါတ်ပုံရိုက်ယူသွားပြီး အနီးရှိ ဘုန်းကြီးကျောင်းမှာအပ်သွားတယ်လို့ သိရပါတယ်။
အခုဖမ်းဆီးတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပြည်မြို့ဘက်ကနေ ပုသိမ်-မုံရွာကားလမ်းအတိုင်း အိမ်စီးကား ၄ စီး အင်အား ၁၀ ဦးကျော်လောက်နဲ့လာသူတွေဖြစ်ပြီး သေနတ်တွေလည်း ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
လွတ်လပ်တဲ့ သူတေသနအဖွဲ့တခုဖြစ်တဲ့ ဗမာရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ - BACS အဖွဲ့ရဲ့ အောက်တိုဘာလထုတ်ပြန်ချက်မှာတော့ စစ်မှုထမ်းအပတ်စဉ် ၅ အထိ နိုင်ငံတဝန်း စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ - ပဲခူးတိုင်းအတွင်းတွေ့ရသည့် စစ်မှုထမ်းအပတ်စဥ် ၈ မှစစ်မှုထမ်းများ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #စစ်ကောင်စီ #ပြည်သူ #ပေါ်တာဆွဲဖမ်းဆီး
Share Share Share