အရပ်သား ၆၀ သေဆုံးခဲ့ရသည့် စက်တင်ဘာ

အရပ်သား ၆၀ သေဆုံးခဲ့ရသည့် စက်တင်ဘာ

မြေလတ်အသံ၊ အောက်တိုဘာ ၆၊ ၂၀၂၃။

ယခုနှစ် စက်တင်ဘာအတွင်း မြေလတ်ဒေသ၌ အရပ်သား ၆၀ သည် အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် သေဆုံးခဲ့ကြရသည်။ 

ထိုအရေအတွက်သည် မြေလတ်အသံက လက်လှမ်းမီသလောက် ပြုစုထားသည့် စာရင်းအရသာဖြစ်ပြီး အမှန်တကယ် သေဆုံးသည့် အရပ်သားမှာ  ၆၀ မက ရှိနိုင်သည်။  

သေဆုံးသူများတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၂ ဦးနှင့် သံဃာ ၂ ပါးပါဝင်ပြီး ကျန် ၇ ဦးကို တော့ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်ပါ။ 

၎င်းတို့သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ လေကြောင်းပစ်ခတ်ခံရခြင်းနှင့် မိုင်းနင်းမိခြင်းတို့ကြောင့် အသက်ဆုံးပါးသွားကြသူများဖြစ်သည်။  

၁၄ နှစ်အရွယ် ကလေးတဦးအပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အာဏာသိမ်းစစ်တပ်က စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာမှာ ကျူးလွန်ခဲ့သည်။ 

စက်တင်ဘာ ၁၃ ရက်တွင် မန္တလေး၊ တံတားဦးလေဆိပ် ရဲတပ်ဖွဲ့က ဒုရဲအုပ်နှင့် ဇနီးဖြစ်သူတို့ သလွန်ဖြူရွာ တွင် ပစ်သတ်ခံခဲ့ရပြီး ၂ ရက်အကြာ စက်တင်ဘာ ၁၅ ရက်တွင် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းက သလွန်ဖြူရွာကို ရောက်လာသည်။ 

နောက်တနေ့ စက်တင်ဘာ ၁၆ ရက်တွင် ရွာသား ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းပြီး အစုလိုက်အပြုံလိုက် သေနတ်နဲ့ပစ်သတ်သည်။  

ထိုအသတ်ခံရသူများထဲတွင် အသက် ၁၄ နှစ်အရွယ်ယောက်ျားလေးတဦး ပါဝင်သည်ဟု ဒေသခံတဦးက စက်တင်ဘာ ၁၈ ရက်တွင် မြေလတ်အသံကို အတည်ပြုပြောဆိုခဲ့သည်။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းတန်းကျေးရွာက အမျိုးသားတဦးကိုလည်း စစ်ကောင်စီတပ်များက ဖမ်းထားပြီး ၃ ရက်အကြာမှာ ဦးခေါင်းကို သေနတ်နှင့် ပစ်သတ်ခဲ့သည်။ 

အသတ်ခံရသူ အသက် ၅၅ နှစ်အရွယ် ဦးဝင်းဌေးမှာ စက်တင်ဘာ ၁ ရက်က အဖမ်းခံလိုက်ရပြီး စက်တင်ဘာ ၅ ရက်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် သူ့အလောင်းကို ဆားလင်းကန်ကျေးရွာနှင့် သရက်ကွကျေးရွာ ကြားမှာ ဒေသခံတွေက တွေ့ရှိခဲ့သည်။ 

ယခုလို အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ပခုက္ကူလူထုတိုက်ပွဲကော်မတီ ဦးဆောင်သူ ကိုစိုးထွဋ်ဝင်းက “သူတို့ရဲ့ စစ်ကောင်စီဘက်မှာ မပါလို့ ပါပဲ။ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီး၊ အိမ်တွေ မီးရှို့၊ လူတွေသတ်ဖြတ်ရင် ကြောက်မယ်ဆိုတဲ့ အကြောက်တရားတွေ ရိုက်သွင်းတာ" ဟု သုံးသပ်သည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာက အမျိုးသား ၃ ဦးကိုလည်း စစ်ကောင်စီစစ်ကြောင်းက ခေါင်းဖြတ်သတ်ခဲ့သေးသည်။ 

စက်တင်ဘာ ၂၆ ရက်တွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းက ညောင်ကုန်းကျေးရွာကို ဝင်ရောက်လာပြီး အဆိုပါ အမျိုးသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာ ၂၇ ရက် မနက်ပိုင်း စစ်ကြောင်းထွက်သွားပြီးနောက် နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာတွင် တွေ့ခဲ့သည့် အခြေအနေများကို ကျားသစ်နက် တပ်မတော် B.L.P.A တာဝန်ခံ ကိုဥက္ကာဦးက ယခုလို ပြောပြ သည်။ 

“ခေါင်းဖြတ်ပြီးတော့ (ခေါင်းတွေကို)ကုလားထိုင်ပေါ်မှာတင်ခဲ့တယ်။ ခြေတွေ၊ လက်တွေလည်း ဖြတ်တောက် ထားတာ တွေ့ရတယ်။ အင်မတန်မှ ရက်စက်ကြမ်းကြုတ်စွာလုပ်ထားတဲ့ အခြေအနေပဲ။ ရုပ်ပျက်ဆင်းပျက် အနေအထား တွေ့ခဲ့ရပါတယ်။”  

ကျေးရွာလမ်းပေါ်က ထိုင်ခုံ ၂ လုံးပေါ်တွင် အမျိုးသား ၂ ဦး၏ဦးခေါင်းကို တင်ထားပြီး နောက်ထပ် ခေါင်း ၁ လုံးကိုတော့ ထိုင်ခုံအနီးရှိ ခြံစည်းရိုးတခုပေါ်တွင် ချိတ်ထားခဲ့ပြီး နဖူးပေါ်တွင် “ကျားဘီလူးစစ်ကြောင်း” ဟူသည့် စာသားကိုလည်း ရေးထားခဲ့သည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အသက် ၅ နှစ်အရွယ်ကလေးနှင့် သူ့အဖေဟာ နေအိမ်မှာပင် အသက်ဆုံးရှုံးခဲ့ရသည်။ 

သေဆုံးသူ သားအဖမှာ လေးအိမ်စုကျေးရွာက ၅ နှစ်အရွယ် မောင်ပိုင်ချစ်သော်နှင့်  အသက် ၃၇ အရွယ် ဖခင်ဖြစ်သူ ဦးစိုးလင်းတို့ ဖြစ်သည်။ 

ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားထိပ်၌ တပ်ချထားသည့် စစ်ကောင်စီတပ်များ စက်တင်ဘာ ၉ ရက်က ပစ်လိုက်သည့် လက်နက်ကြီးကျည်သည် ထိုသားအဖ၏ နေအိမ်ခြံဝင်းထဲသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

"အုတ်ဖြတ်တံတားဘက်ကနေ နေ့လယ်ပိုင်း လက်နက်ကြီးပစ်သံတွေ လေးငါးချက်လောက် ကြားရတယ်။ ခဏနေတော့ လေးအိမ်စုရွာထဲကို တလုံးကျတယ်လို့ သိရတယ်။ အိမ်ရှေ့မှာရှိနေတဲ့ သားအဖ ၂ ယောက် လက်နက်ကြီးမှန်သွားတာ" ဟု ထိုနေ့က ဖြစ်ရပ်ကို စက်တင်ဘာ ၁၀ ရက်တွင် ဒေဿခံတဦးက မြေလတ်အသံ ကို ပြောသည်။ 

အင်အားလျော့နည်းလာသည့် စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ယခုလအတွင်း ဘာသာရေးအဆောက်အုံနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးပြီး သံဃာတော်များပါ အသက်ဆုံးပါးခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာက ကျောင်းထိုင်ဆရာတော် ၁ ပါးသည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း သေဆုံးခဲ့ရသည်။ 

စက်တင်ဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က ပျံတက်လာသည့် လေယာဥ်သည် ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝန်းထဲကို ဗုံးကြဲချရာ ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒ ပျံလွန်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ နေထိုင်သည့် ကပ္ပိယအမျိုးသားတဦးလည်း  သေဆုံးခဲ့သည်။ 

ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းမှ ဇရပ်နှင့် ကျောင်းဆောင်ပါ ပျက်စီးခဲ့သည်ဟု စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေသည့် အင်းတော်နယ်အခြေစိုက် Indaw Revolution – IR မှ တာဝန်ရှိသူတဦးက ပြောသည်။ 

ယခုလို  ကလေးများနှင့် သံဃာများပါမချန် အရပ်သားများကို အာဏာသိမ်းစစ်တပ်က လက်လွတ်စပယ် သတ်ဖြတ်နေခြင်းသည် ၎င်းတို့ မအုပ်ချုပ်နိုင်ဖြစ်နေသည်ကို ပြသရာရောက်နေပြီး “ပြည်သူတွေ သူတို့ကို ပိုမုန်းတီးလာအောင် လုပ်နေတာနဲ့ အတူတူပါပဲ” ဟု ပခုက္ကူလူထုတိုက်ပွဲ ကော်မတီ ဦးဆောင်သူ ကိုစိုးထွဋ်ဝင်းက မှတ်ချက်ပြုသည်။  

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #မြေလတ်ဒေသ #အရပ်သား #သေဆုံး #အာဏာသိမ်း #စစ်ကောင်စီ #စစ်တပ် #သတ်ဖြတ် #လေကြောင်းတိုက်ခိုက် #သာသနိကအဆောက်အအုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10