အရာတော်ဘက်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

အရာတော်ဘက်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်၊ စစ်အခြေခံလေ့ကျင့်ရေးတပ် (၁၀) ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၂၀ ရက် မနေ့ ညနေ ၄ နာရီကျော်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Danger Force LPDF အဖွဲ့ဆီက သိရပါတယ်။

မုံရွာ-အရာတော်လမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စခတ(၁၀) ဘက်ကို ၁၂ ဘီးကား ၃ စီးနဲ့ ပြန်လာချိန် အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာအနီး ပင်လုံဆီဆိုင်နားအရောက်မှာ  ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း(၉)လုံး မိုင်းဆွဲတိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်သွားတယ်လို့  Danger Force LPDF ရဲ့  ပြန်ကြားရေးနဲ့  Drone တာဝန်ခံ ကိုမာန်ဟုန် ကပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က မုံရွာ-အရာတော် လမ်းပိုင်းတလျှောက်လုံးကို ကင်းပုန်းချထားတာ။ အဲ့ဒါကို ကျနော်တို့ကရအောင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ ကျနော်တို့ ဘက်ကလည်း သူတို့နဲ့ ကိုက် ၅၀ အကွာအဝေးကနေ ပြန်ပစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီယာဉ်တန်းဟာ အရာတော်မြို့ထဲကို ပြန်ဝင်ရောက်သွားခဲ့ပါတယ်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရသွား တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ကနေတဆင့် ပြန်လည်ကြားသိရတယ်လို့ ကိုမာန်ဟုန်က ဆက်ပြောပါတယ်။

ပစ်ခတ်မှုကို Danger Force LPDF၊ Ayadaw Rocket တပ်ဖွဲ့ နဲ့ လင်းယုန် တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ Danger Force LPDF တပ်ဖွဲ့ဟာ သြဂုတ် ၁၃ ရက်နေ့ကလည်း အရာတော်မြို့ ရဲစခန်းကို Drone ဗုံးသီး ၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #အရာတော် #စစ်ကောင်စီ #LPDF #ဒရုန်း #ပူးပေါင်းတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10