အရာတော်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ရဲတပ်ကြပ်တဦးအပါ ၅ ဦးသေဟုဆို

အရာတော်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ရဲတပ်ကြပ်တဦးအပါ ၅ ဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ကိုသွားမဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲတို့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၃ နာရီကျော်လောက်မှာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ Danger Force LPDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အမတ ၃၆၉ တပ်ကနေ အင်အား ၅၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၅၀၀၄ တင့်ကားတပ်ရဲ့ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာရှိ တူးကန်ဘုရားကျောင်းအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်နေစဥ်အတွင်း စစ်ကောင်စီဘက်က ရဲတပ်ကြပ်စောမင်းဦး သေဆုံးခဲ့ပြီး နောက်ထပ် အရာရှိ ၂ ဦးနဲ့ တပ်သား ၂ ဦးကတော့ အရာတော်မြို့ ဆေးရုံကြီးရောက်မှ သေဆုံးခဲ့ကာ တပ်သား ၇ ဦးလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Danger Force LPDF တပ်ဖွဲ့မှ Drone တာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။

 “သေဆုံးတာတွေကတော့ ကျနော်တို့မျက်မြင်တွေ့တာလည်း ပါတယ်။ ဖရဲသီးသတင်း ပို့တာလည်း ပါ တယ်။ သူတို့(စစ်ကောင်စီ)ဘက်က ကျနော်တို့ကို ဂန်းငယ်တွေနဲ့ နည်းနည်းပဲပစ်တာ။ လက်နက်ကြီး တွေနဲ့ ပိုပစ်တယ်” လို့ သူကဆိုပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၂ ဦး ဒဏ်ရာရခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေတယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို Danger Force LPDF ၊ Special Revolution Force၊ မိုင်းမင်းသားမြေအောက် ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၇၊ မုံရွာခရိုင် ပကဖနဲ့ လင်းယုန်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ပစ်ခတ်မှုဖြစ်ပြီးနောက် အဲဒီစစ်ကြောင်းဟာ အရာတော်မြို့ပေါ်ကို ပြန်ဝင်သွားကြတယ်လို့ သိရပါတယ်။

ပုံစာ - တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် စစ်ကောင်စီတပ်ကျန်ခဲ့သည့် ကျည်ခွံနှင့်ဆက်စပ်ပစ္စည်းအချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #စစ်ကောင်စီ #ဒေသခံကာကွယ်ရေးတပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10