အရာတော်မှာ စစ်သားနဲ့ပျူတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုများဟုဆို

အရာတော်မှာ စစ်သားနဲ့ပျူတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုများဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်က ငွေတွင်း (ပျူရွာ)မှာတပ်စွဲနေတဲ့ စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Danger  Force LPDF အဖွဲ့ဆီက သိရပါတယ်။ 

ဇွန်လ ၂၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ စစ်သားနဲ့ပျူစောထီးတွေ အစည်းအဝေးလုပ်နေတဲ့ အဆောက်အဦးနဲ့ ဘေးရှိ ကတုတ်ကျင်းပေါ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီး ၁၄ လုံး ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ထိခိုက်သေဆုံးမှုကို နယ်မြေခံပြောပြချက်အရသိရတယ်။ သူတို့အစည်းအဝေးလုပ်နေတဲ့ သတင်းကိုလည်း ဖရဲသီး (အတွင်းသတင်းပေး)တွေဆီကနေ တဆင့်ကြားရတယ်။ ကျနော်တို့ သူတို့ကို ပစ်ခတ်ပြီတော့ သူတို့ဘက်ကလည်း ကျနော်တို့ကို ၆၀ မမ လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်” လို့  Danger Force LPDF အဖွဲ့မှ ဒရုန်းပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန် က ပြောပါတယ်။ 

ငွေတွင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၃၀ လောက်က ရွာခံပျူစောထီးတွေနဲ့အတူ တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် ၁၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုတော့ အရာတော်မြို့ဆေးရုံမှာ ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို Danger Force LPDF၊ ကျောက်ဆည်ခရိုင်တပ်ရင်း − (၁) (နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၇) (Zero ပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း − ၁၅၊ ဆားတောင်မိုးကြိုး (Local PDF )၊ MRTF Drone Force၊ NDRF၊ အောင်သပြေညီနောင် (မြင်းမူ Local PDF ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

Danger Force LPDF တပ်ဖွဲ့ဟာ ဇွန်လ ၆ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာလည်း  အရာတော်မြို့နယ်က စစ်ကောင်စီရဲ့ လေ့ကျင့်ရေး ၁၀ တပ် (စခတ ၁၀) ကို ၁၀၇ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်သားထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။ 

 

ပုံစာ - ငွေတွင်းကျေးရွာက စစ်သားနဲ့ပျူတွေကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်နေစဥ်။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #ပျူရွာ #PDF #တိုက်ခိုက် #သေဆုံးမှုရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10