အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (ACDF) တွေကို လက်နက်အပြည့်အစုံ တပ်ပေးနိုင်ဖို့ ကြိုးစားနေ
အရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေနဲ့ ၂၀၂၁ နိုဝင်ဘာလ ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ စစ်အာဏာရှင်ကို ရရာလက်နက်နဲ့ တော်လှန်ခဲ့တာ တနှစ်ကျော်ကာလတွင်း တပ်ရင်း၊ တပ်ခွဲများနဲ့ ဖွဲ့စည်းထားပြီဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေ က မြေလတ်အသံကို ပြောပါတယ်။
ACDF တပ်ရင်းအောက် တပ်ခွဲ ၃ ခုနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အပတ်စဉ် ၂ သင်တန်းဆင်းပွဲကို မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါသေးတယ်။
"သင်တန်းကာလက သုံးလကြာတယ်။ အခက်အခဲတွေ အများကြီးရှိတဲ့ကြားကနေ ကိုယ်ပိုင်ရပ်တည်ဖို့ အတော်ကြိုးစားခဲ့ရတယ်။ တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်အပြည့်အစုံ တပ်ဆင်နိုင်အောင် ကြိုးစားနေပါတယ်။ ကျနော်တို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေနဲ့ အရှိုချင်းလူမျိုးတွေရှိတဲ့ နေရာတွေမှာ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်သွားမှာပါ" လို့ ဆလိုင်းခနီလေဗွေ က ပြောပါတယ်။
မတ်လ ၆ ရက်နေ့ကစလို့ သင်တန်းအပတ်စဥ် (၃) ကို စတင်ခေါ်ယူလျက်ရှိပြီး စိတ်ပါဝင်စားသူများအနေနဲ့ လျှောက်ထားနိုင်ကာ စည်ကမ်းချက် (၇) ချက်ကို လိုက်နာနိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စည်းကမ်းချက်များကတော့ စကစကို လက်နက်ကိုင်တော်လှန်လိုသူ၊ ကျန်းမာရေးကောင်းပြီး အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အကြားရှိသူ၊ ခက်ခဲကြမ်းတမ်းတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိသူ၊ စစ်သင်တန်းကို ကိုယ့် ACDF တပ်ရင်း၊ တပ်ခွဲများမှာ သင်တန်းပြီးတာနဲ့ အာဏာရှင်ကျဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ ပေးအပ်တဲ့ စစ်ရေးတာဝန်တွေကို ရဲရင့်ကျေပွန်စွာနဲ့ ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ရေးသားထားပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share