အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ တနှစ်ပြည့်အခမ်းအနားကို အွန်လိုင်းကနေပြုလုပ်

အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ တနှစ်ပြည့်အခမ်းအနားကို အွန်လိုင်းကနေပြုလုပ်

အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC) ဖွဲ့စည်းခြင်း တနှစ်ပြည့် အခမ်းအနားကို မေ ၂၅ ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့ရာ ဖိတ်ကြားထားတဲ့  မိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ကြသလို သဝဏ်လွှာပို့ တာတွေလည်း ရှိတယ်လို့  ACNFC ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရှိုချင်းတွေဟာ မကွေးတိုင်း ၁၀ မြို့နယ်၊ ပဲခူးတိုင်း ၈ မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ ၂ မြို့နယ်၊ ဧရာဝတီတိုင်း ၅  မြို့နယ်၊ ရန်ကုန်တိုင်း ၃  မြို့နယ်နဲ့ ရခိုင်ပြည်နယ်က ၁၁ မြို့နယ် ပေါင်း  ၃၉  မြို့နယ်မှာ ပြန့်နှံ့ နေထိုင်ကြပြီး လူဦးရေ ၃ သိန်းကျော်ရှိကာ အရိူချင်းအမျိုးသား ဖက်ဒရယ်ကောင်စီ(ACNFC)ကို ပြီးခဲ့တဲ့နှစ်  မေ ၂၅ ရက်က ဖွဲ့စည်းခဲ့တာလို့  ဆိုပါတယ်။

“အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကြီးမှာ ပြန့်ကျဲနေတဲ့အရှိုချင်းတိုင်းရင်းသားတွေ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာတို့မှာ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးနဲ့ လူနည်းစုဌာနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခိုင်အမာပြဌာန်းနိုင်ဖို့အတွက် ပြည်တွင်း ပြည်ပ အရှိုလူထုကိုအခြေခံပြီး နိုင်ငံရေးအရ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်” လို့  ACNFC ရဲ့  အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။ 

အရှိုချင်းတိုင်းရင်းသားတွေဟာ  စစ်အာဏာသိမ်းအပြီးမှာ အခြားတိုင်းရင်းသားပြည်သူတွေနဲ့ အတူ   ငြိမ်းချမ်းတဲ့နည်းနဲ့  ဆန္ဒထုတ်ဖော်တာတွေမှာပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်တွေက မတရားဖမ်းဆီးသတ်ဖြတ်နှိမ်နှင်းတဲ့အတွက်  ငြိမ်းချမ်းတဲ့နည်းနဲ့ တော်လှန်လို့မရလို့  အခြားတိုင်းရင်းသားတွေနည်းတူ အရှိုချင်း  တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာလို့ သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် အရှိုချင်းတိုင်းရင်းသားတွေအပါအဝင် တခြားတိုင်းရင်းသားတွေလည်း ဗမာလူမျိုးကြီးဝါဒကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အမျိုးသားတန်းတူညီမျှရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးတွေအပါ လူမျိုးဖြစ်တည်မှုကိုတောင် သမိုင်းတလျောက်ကနေ ဒီနေ့အချိန်အထိ ဆုံးရှုံးနေတုန်းပါပဲလို့လည်း ပြောပါတယ်။ 

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရာမှာ  အရှိုချင်းတိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာ ပျောက်ကွယ်မနေဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့မှာ အခြားသောတိုင်းရင်းသားတွေနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ အလွန်အရေးကြီးသလို  ခေတ်အဆက်ဆက် နိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းရာမှာ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့  ပြည်ထောင်စုကြီးတရပ် အမြန်ပေါ်ပေါက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

ACNFC အနေနဲ့ လက်ရှိ ဖက်ဒရယ်နိုင်ငံတော်အသစ် ဖော်ဆောင်ရာမှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနဲ့ အတူ စစ်ရေး နိုင်ငံရေး နှစ်ခုစလုံးကို တပြိုင်နက်တည်း ကိုယ်ကျရာကဏ္ဍကနေပြီး ဆောင်ရွက်လျက်ရှိသလို   မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှာ တော်လှန်ရေးအင်အာားစုတွေနဲ့ ပေါင်းပြီး ကြားကာလ အစီအမံ ဥပဒေ တစ်ရပ် ရေးဆွဲနိုင်ဖို့ ဆောင်ရွက်နေတဲ့အပြင် အခြားတိုင်းဒေသကြီးတွေမှာလည်း ACNFC အနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့  ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ တရားဝင်မှုဆိုတာအရေးကြီးသလို လက်ရှိ မြန်မာ့နိုင်ငံရေးအရွေ့ကို ဦးဆောင်နေတဲ့ NUG, CRPH, တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းကြီးတွေကလည်း ပွင့်လင်းမြင်သာမှုရှိရှိ၊ စိတ်ရင်း စေတနာအပြည့်နဲ့ တိုင်းရင်းသားလူမျိုးစုတိုင်းကို စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ကြဖို့ လမ်းဖွင့် ပေးထားဖို့ လိုတယ်လို့ ပြောပါတယ်။ 

လက်ရှိ  သတ်မှတ်ထားချက်အရ မြန်မာနိုင်ငံမှာ ချင်းမျိုးနွယ်စု ၅၃ စုရှိတဲ့ အနက် အရှိုချင်းတွေဟာ မျိုးနွယ်စု တစုအဖြစ်ပါဝင်ပြီး မြေပြန်ချင်းလို့ လူသိများနေတာ ဖြစ်ပါတယ်။

အဲဒီ အခမ်းအနားကို ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာရေး သပိတ်ကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီနဲ့ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦး‌ဆောင်‌ကော်မတီတို့က သဝဏ်လွှာတွေ ပေးပို့ကြပြီး မကွေးယူနစ်လွှတ်တော်၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA  - Magway)နဲ့ လူထုတိုက်ပွဲ သပိတ်ကော်မတီတို့  တက်ရောက်ကြတယ်လို့  သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အရှိုချင်း #အမျိုးသားဖက်ဒရယ်ကောင်စီ #ACNFC #တနှစ်ပြည့် #အခမ်းအနား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10