အလုပ်မရှိ ရေသောက် ဗိုက်မှောက်နေမယ်ဟေ့

အလုပ်မရှိ ရေသောက် ဗိုက်မှောက်နေမယ်ဟေ့

အလုပ်မရှိ ရေသောက်ဗိုက်မှောက်နေကြမယ်ဟေ့ ဆိုတဲ့စကားကို အခုအချိန်မှာတော့ ရပ်ကွက်ထဲမှာ တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြပါပြီ။

အရင်တုန်းက အဲဒီစကားကို ရေရွှန်းပတ်ရွှန်း ပြောခဲ့ရင်တောင် အယူသီးလှပါတယ်ဆိုတဲ့ ရှေးလူကြီးတချို့ရဲ့ "ဟဲ့ ဟဲ့ ဒီစကား မပြောကောင်း မဆိုကောင်းဘူးကွဲ့" ဆိုပြီး တားမြစ်ခဲ့သူမရှိသလို တားမြစ်တာကိုလည်း ကြားလည်းမကြားမိခဲ့ဘူးပါ သူတို့စိတ်ထဲမှာလည်း ဒီစကားဟာ ဥပမာအနေနဲ့ တင်စားပြောဆိုတယ်လို့ပဲ ထင်မှတ်ထားပုံရပါတယ်။

အခြေခံ လက်လုပ်လက်စားတွေ အများစုနေကြတဲ့ ရပ်ကွက်ထဲမှာ အရင်ကမိုးလင်းတာနဲ့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတဲ့ တရပ်ကွက်ထဲ အတူနေပြီးတလကြာလို့မှ တခါစကားမပြောမိတဲ့ လူငယ်လူလတ် ပျိုပျိုအိုအိုတွေ အခုတော့ ရပ်ကွက်ထဲမှာ တနေကုန်ဟိုနေရာတစု ဒီနေရာတစုတွေ့နေရပါပြီ။

ပန်းရံလုပ်သားတွေ အလုပ်မရှိကြသလို လက်သမားတွေက အလုပ်မဆင်းရပါဘူး။ အရင်က ကျော့ကျော့မော့မော့ ဖီးလိမ်းပြင်ဆင်ပြီး မြို့ပေါ်ရပ်ကွက်တွေမှာ အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့ စောစောကပြောတဲ့ ပျိုပျိုအိုအိုတွေလည်း မပြင်နိုင်မဆင်နိုင်လို့ မလှပနိုင်ကြသလို ရွာစဥ်လှည့်လို့ ဆိုင်ကယ်လေးနဲ့ စျေးရောင်းသူတွေလည်း အပါအဝင် ဟိုတစုသည်တစု ဝိုင်းဖွဲ့ စကားပြောနေကြတာပါ။

စားစရာသောက်စရာကတော့ ရှိနေပါသေးတယ် ဆိုပေမယ့် အိမ်ကမီးဖိုဆောင်မှာ မဟုတ်ပဲ ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာပါ ဆန်ကြမ်းတပြည် ၁၆၀၀ ကျော်၊ ရောဆီ တဆယ်သားကျပ် တထောင် ကြက်ဥတလုံး နှစ်ရာ့ငါးဆယ် သုံးရာ၊ ခေတ်ကာလအလျောက် ရပ်ကွက်ထဲက ကုန်ဆုံဆိုင်က ပုံစံပြောင်းသွားပြီ ။ သူ့ဖောက်သည်တွေမှာ အလုပ်မရှိကြဘူးဆိုတာကို အင်တာနက်မလို ဖုန်းပွတ်စရာမလိုပဲ အလိုလိုစီးဝင်နေတဲ့ သတင်းတွေကြောင့် သူသိနေပြီလေ။ ဒါကြောင့် ပြီးခဲ့တဲ့ရက်တွေကစလို့  သူမျက်နာက ဘီလူးသံပုရာသီးစားထားသလို။

အရင်က အိမ်ရှင်မတွေ သူ့စျေးဆိုင်ကို စျေးဝယ်သွားရင်  ပိုက်ဆံမလိုဘူး။ သုံးရက်ရှင်း တပါတ်ရှင်းပေးရတာဆိုတော့ လင်တွေသားတွေ အကိုတွေမောင်တွေ လုပ်ခရှင်းမှပေး။ နောက်တခါပြန်ယူနဲ့ အိုခေမှာ စိုပြေလှပေါ့ အခုတော့ ကုန်စုံဆိုင်ရှင်မှာ မျော်လင့်ချက်မဲ့ပြီ သူလည်းချမ်းသာသူမဟုတ် လှည့်ပတ်ထိုးထည့်စရာလည်း ငွေမရှိ ရပ်ကွက်ထဲက အကြွေးမရရင် မြို့က ကုန်စုံဆိုင်နဲ့သူက အနိမ့်ဆုံးအဆင့် မျက်နာပျက်ရမယ် သူကလည်း တသက်လုံး ဒီဆိုင်ကလေးပဲ ရပ်တည်လာတာကို။

ပြည်သူ့အစိုးရခေတ်က မကြားရသလောက်ရှိခဲ့တဲ့ ရပ်ကွက်ထဲက သူခိုးကိစ္စ ဟိုနေရာတစ ဒီနေရာတစ ကြားလာရပြီလေ သိပ်တော့မဆန်းဘူး။ ကြက်ဥတလုံး နှစ်ရာ့ငါးဆယ် သုံးရာဖြစ်တဲ့ခေတ်ကို၊ ရပ်ကွက်ထဲက အသက် ၅၀ ကျော်အရွယ် အဒေါ်ကြီးတယောက်ကပြောတယ် ကိုဗစ်ကာလ အလုပ်တွေမလုပ်ရချိန်က အမေစုပေးတဲ့ ထောက်ပံ့ငွေနဲ့ ဆန်ဆီဆားလေးတွေ မပူပန်ခဲ့ရဘူးတဲ့။  ခုတော့ ရေသောက်ဗိုက်မှောက်နေရမယ့်ခေတ်ကို ရောက်နေပြီဆိုပြီး ဆောင့်ကာအောင့်ကာနဲ့ ဟိုကြည့်သည်ကြည့် ကြည့်ပြီး တိုးတိုးလေး ရေရွတ်တာကို နားကမကြားရပေမယ့် သူနူတ်ခမ်းလှုပ်တာကို ကြည့်လိုက်တော့  သရေကြိုးတင်းအောင်ကိုင်တဲ့။

ခေတ်က ဘယ်လောက်ထိ ဆိုးနေသလည်းဆိုရင် လယ်ကန်သင်းမှာ အလေ့ကျပေါက်တဲ့ ကန်ဇွန်းရွက်တောင် အလျင်မီအောင် အညွှန့်မထွက်နိုင်တော့ပါဘူး။ သူ့ပတ်ဝန်းကျင်မှာလည်း ရပ်ကွက်ထဲက လူတွေရဲ့ ခြေရာတွေကထပ်လို့ပေါ့ အလုပ်မရှိလို့ လယ်ထဲကိုပဲ မြက်နုတ်လိုက်ရမလားဆိုတော့လည်း အဲဒီခေတ်ကကုန်သွားပြီ လယ်သမားတွေက ထိရောက်မြန်ဆန်တဲ့ မြက်သတ်ဆေးဝယ်ဖျန်းတဲ့ခေတ်လေ။

ညနေခင်းလေပြိုချိန် အလုပ်ကပြန်လာတဲ့ ရွှေညီအကိုတွေရောက်တဲ့ အရင်ကဆိုရင် စားပွဲဝိုင်းတွေပြည့်နေတဲ့ အိပ်တန်းတက် ငှက်တွေပမာ ကြွက်ကြွက်ညံနေတဲ့ ရပ်ကွက်ထဲက ဘုံဆိုင်ကလေးလည်း အခုတော့ လူကုံတန် အသိုင်းအဝိုင်းတွေသောက်တဲ့ ဟိုတယ်ကြီးပမာ  တိတ်ဆိတ်ငြိမ်သက်စပြုလာလို့ ဆိုင်ရှင်ခမျာလည်း ရောင်းရတာစိတ်မပါသလို အရင်ကလိုမရွှင်လန်းနိုင်တော့ပါဘူး။

ပရိဘောဂ အလုပ်ရုံလေးထောင်ထားတဲ့ အသိမိတ်ဆွေ တယောက်ကတော့ သူ့ပစ္စည်းတွေ ရောင်းကောင်းလှတယ်  မဟုတ်ပေမယ့် သူ့အလုပ်ရုံက လက်သမားဆရာတွေကို ကြံဖန်ကာ အလုပ်ပေးထားပါတယ်တဲ့။ သူပြောတဲ့ စကားလေးတခွန်းက လေးစား အတုယူဖွယ်ရာပါ "အခုအချိန်မှာ နိုင်လောက်မျှထမ်းကြတာပေါ့"တဲ့။

နေ့စဥ်ကြားရတဲ့ သတင်းတွေမှာ မင်္ဂလာဆိုတဲ့စကားက ရွှေလိုရှားနေပါပြီ။ ထိုင်တွေးနေရင်း ကိုဗစ်ကာလက ပြည်သူကို ပြည်သူချင်း ကူခဲ့တဲ့အစီအစဥ်လေး ပြေးမြင်မိပါတယ်။ ဟင်းသီးဟင်းရွက်တွေ အခမဲ့လိုက်ဝေသလို ချက်ပြီးသား ဟင်းတွေအိမ်အရောက် လိုက်ပို့တာကအစပေါ့။ တချို့မြို့နယ်တွေမှာတော့ အဲဒီအစီအစဥ်မျိုးတွေ ပြန်လည်စတင်ဖို့ ပြောဆိုဆွေးနွေးနေကြပြီလို့ သတင်းသဲ့သဲ့ ကြားနေရပါတယ်။ သာဓု အခါခါ ခေါ်မိပါတယ်။ 

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ကျန်းမာနေပါလျက် ခွန်အားတွေရှိနေပါလျက်နဲ့ အချိန်တွေ ရှိနေပါလျက်နဲ့ အလုပ်အကိုင်မရှိပဲ ကမ်းကုန်အောင်တက်နေတဲ့ ကုန်စျေးနူန်းနဲ့ ရင်ဆိုင်နေရတဲ့ အ​​ခြေခံလူတန်းစားတွေရဲဆီကို  ရေသောက်ဗိုက်မှောက်နေရမယ့်ခေတ်က  အရိုန်အဟုန်ပြင်းပြင်းနဲ့ ပြေးဝင်ထိတွေ့နေပါပြီ။ သူတို့ ဗိုက်မှောက်နေဖို့အတွက် သောက်ရမယ့်ရေက ရေသန့်တော့မဟုတ် ဒီမိုကရေစီခေတ်ဦး ပြည်တော်သာခေတ်က တူးဖော်ပေးခဲ့တဲ့ ဝယ်စရာမလိုတဲ့ သောက်ရေတွင်းထဲက ရေနဲ့ပေါ့။ 

အလုပ်မရှိ ရေသောက်ဗိုက်မှောက်နေကြမယ်ဟေ့ ဆိုတဲ့စကားမပြောဖို့ ဘာကြောင့်များရှေးလူကြီးတွေ မတားမြစ်ကြတာပါလိမ့်လို့ တွေးရင်း။

ဘကြီးအောင်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10