အလုပ်ရုံက ဝန်ထမ်း ၉ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဝင်ဖမ်း

အလုပ်ရုံက ဝန်ထမ်း ၉ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဝင်ဖမ်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အလုပ်ရုံတခုမှာ အလုပ်လုပ်နေတဲ့ လုပ်သား ၉ ဦးကို စစ်မှုထမ်းဖို့ ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်အုပ်စု၊ သာယာကုန်းရွာ သားသတ်ရုံက လုပ်သားတွေကို  ဇွန် ၃ ရက် ည ၈ နာရီခွဲ လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် မဲနှိုက်မပေးလို့ဆိုပြီး စစ်တပ်နဲ့ ရဲတွေက အလစ်ဝင်ဖမ်းသွားတာ“ လို့  ဒေသခံတဦးက ပြောပါတယ်။

ဆင်ပေါင်ဝဲမြို့နယ်အခြေစိုက် အမှတ် ၈ ကာကွယ်‌ရေးပစ္စည်းစက်ရုံက စစ်သားတွေဟာ သားသတ်ရုံအတွင်း ကားနဲ့ဝင်‌ရောက်ကာ အလုပ်သမားတွေကို ဖမ်းဆီးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးချိန်မှာ အလုပ်သမား ၂၀ ဦး ခန့်ရှိတဲ့အထဲက အသက် ၂၅ နဲ့ ၃၀ နှစ်အရွယ်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေဟာ သာယာကုန်းရွာက မဟုတ်ဘဲ  ဆင်ပေါင်ဝဲမြို့နယ်ရှိ  ကျေးရွာတွေက အလုပ်လာလုပ်တဲ့ လူငယ်တွေလို့  ဆိုပါတယ်။

ဖမ်းဆီးသွားသူ ၉ ဦး အနက်က ကျန်းမာရေး မကောင်းသူ ၁ ဦးနဲ့ ကိုယ်လက်အင်္ဂါမစုံသူ ၁ ဦး ပေါင်း ၂ ဦးကို ဇွန် ၅ ရက် မနေ့ညမှာ စစ်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူ ၇ ဦးကို ဆင်ပေါင်ဝဲမြို့အနီး အမှတ် ၈ ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်ထဲမှာ စုဆောင်းထားတယ်လို့  ဆိုပါတယ်။

အလားတူ ဇွန် ၄ ရက် ညကလည်း နယ်မြေချင်း ထိစပ်နေတဲ့ အောင်လံမြို့နယ် အရှေ့ဘက် ညောင်အိုင်၊ မြို့လှ၊ ထမကန်၊ သီးကုန်းစတဲ့ ကျေးရွာတွေမှာလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့ တရွာကို အနည်းဆုံး အမျိုးသား ၂ ဦးလောက်ကို ဝင်‌‌ရောက်ဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်အဖြစ် စုဆောင်းခံရသူများ။ (စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဆင်ပေါင်ဝဲမြို့ #အလုပ်ရုံ #စစ်မှုထမ်း #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10