သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင် ၁ ဦးရဲ့အလောင်းကိုပြန်မရတဲ့ အတွက် ဒီဇင်ဘာ ၁၈ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အင်္ကျီနဲ့ပုဆိုးကိုသာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
ကျဆုံးသူဟာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သာယာဝတီခရိုင် (ပကဖ) တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၁ က တပ်စုမှူး အသက် ၃၀ နှစ်အရွယ် ရဲဘော်အာနိုး(ခ) အောင်သက်ပိုင်ဖြစ်ပြီး လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တနေရာမှာ ဒီဇင်ဘာ ၈ ရက် မွန်းတည့်ချိန်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရတာပါ။
ရဲဘော်အာနိုးမကျဆုံးမီ ဒီဇင်ဘာ ၇ ရက်မနက် ၉ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က အင်အား ၇၀ လောက်နဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စခန်းအထိတက်လာရာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
နောက်တရက် ဒီဇင်ဘာ ၈ ရက်မှာတော့ ရဲဘော်အာနိုးဟာ ဘုရားကုန်းပေါ် ရေချိုးနေတဲ့အချိန် စစ်ကောင်စီဘက်က လာရောက်ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်သတ်ခံရပြီးနောက် ရဲဘော်အာနိုးရဲ့အလောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်ရှာပေမယ့် မတွေ့တော့တဲ့အတွက် ဒီဇင်ဘာလ ၁၈ ရက်မှာ သူ့ရဲ့အဝတ်အစားတွေကိုပဲ မီးရှို့သင်္ဂြိုဟ်ခဲ့ရတာပါ။
ရဲဘော်အာနိုးဟာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပြီးခဲ့တဲ့နှစ် မတ်လက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပထမဆုံးကျဆုံးသူလည်း ဖြစ်တယ်လို့ပြောပါတယ်။
ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်အာနိုးအတွက် ထောက်ပံ့ငွေ ၇ သိန်းကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#လက်ပံတန်း #ကျဆုံး #တပ်စုမှူး #စျာပန
Share Share Share