အသံတိတ်သပိတ်နေ့ စျေးဆိုင်‌တွေဖွင့်ဖို့ခြိမ်းခြောက် ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေကို အဲဒီနေ့မှာလာရွေးခိုင်း

အသံတိတ်သပိတ်နေ့ စျေးဆိုင်‌တွေဖွင့်ဖို့ခြိမ်းခြောက် ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေကို အဲဒီနေ့မှာလာရွေးခိုင်း

 

စစ်တပ်က အာဏာသိမ်းခဲ့တာ၂ နှစ်ပြည့်တဲ့ မနက်ဖြန်ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံတဝှမ်းနည်းတူ ပဲခူးမြို့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်ပျက်ပြားစေဖို့အတွက် စစ်ကောင်စီက စျေးဆိုင်ခန်းတွေဖွင့်ဖို့ ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းကာ လိုက်လံဖိအားပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပဲခူးမြို့ရပ်ကွက်အသီးသီးက စျေးဆိုင်ခန်းတွေကို အသံတိတ်သပိတ်ပြုလုပ်မယ့်နေ့မှာ ဆိုင်ခန်းဖွင့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဇန်နဝါရီလ ၃၀ ရက်မနေ့က ဦးဆောင်ပြုလုပ်နေတာလို့ ဆိုပါတယ်။

"အုပ်ချူပ်ရေးမှူးရယ် စာရေးပါတယ်။ စျေးဆိုင်ခန်းတွေကို ရပ်ကွက်အလိုက်စာရွက်တွေမှာ လက်မှတ်ထိုးခိုင်းတာ။ စာမှာက နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားမှုပျက်ပြားအောင် ပြုလုပ်နေတဲ့အဖွဲ့အစည်းကို ထောက်ခံသောအနေဖြင့် အသံတိတ်သပိတ်ပြုလုပ်မူအား အားပေးအားမြောက် မပြုလုပ်ပါရန် ဆိုပြီးပါတယ်။ စာရဲ့အောက်ဆုံးမှာ ဆိုင်ရှင်ရဲ့အမည်၊ လိပ်စာ၊ ဖုန်းနံပတ်နဲ့အတူ ဝန်ခံကတိလက်မှတ်ထိုးရတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

အသံတိတ်သပိတ်နေ့မှာ ဆိုင်ခန်းတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီအတွင်း ဆိုင်ခန်းဖွင့်လှစ်ရန်လို့လည်း စာရေးထားသလို ပြီးခဲ့တဲ့နှစ်ကလည်း အခုလို လက်မှတ်ထိုးရတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဇိုင်းကနိုင်းတောင်ပိုင်း၊ ဇိုင်းကနိုင်းမြောက်ပိုင်း မင်းလမ်းမပေါ်ရှိ ဆိုင်တွေအပြင် ပဲခူးစျေးကြီးထဲက ဆိုင်ခန်းတွေလည်း လက်မှတ်ထိုးရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးမြို့အတွင်း ၆ နေရာခွဲကာ နည်းမျိုးစုံနဲ့ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကိုလည်း မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်မနက် ၁၀ နာရီမှာ တရားရုံးကို လာရွေးဖို့ စစ်ကောင်စီက ချိန်းဆိုထားလို့ ဆိုင်ကယ်ဖမ်းဆီးခံထားတဦးက ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ မကွေးမြို့မှာလည်း  ဇန်နဝါရီလ ၃၀ ရက်မနေ့က ဖမ်းဆီးခဲ့တဲ့ ဆိုင်ကယ်အစီး ၅၀ ကျော်ကိုလည်း ဖောဖော်ဝါရီလ ၁ ရက်နေ့မှာ မြို့တော်ခန်းမမှာ ပြန်ရွေးယူရမှာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၈ ရက်မနက်ကတော့  အသံတိတ်သပိတ်မှာမပါဝင်ဖို့ လော်နဲ့လိုက်အော်သူ ပဲခူးတိုင်း နတ်တလင်းမြို့က အမျိုးသားတဦးကိုတော့ နတ်တလင်းနတ်စစ်သည်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

ပုံစာ - အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့ ပဲခူးမြို့မြင်ကွင်း

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10