သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရန်ကုန်သူ မဖူးဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာမှာ အညာဒေသကို ခြေချမိလိုက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းတွေကြောင့် ရင်ထဲစို့နင့်သွားပါတယ်။
မီးသင့်နေတဲ့ အိမ်တိုင်တွေ၊ အုတ်လှေကားတွေ၊ ပင်စည်တခုလုံး မီးသွေးတုံးလိုဖြစ်နေတဲ့ မန်ကျည်းပင်၊ ထနောင်းပင်တွေနဲ့ နေစရာမဲ့ပြီး လမ်းပေါ်မှာ အိပ်နေတဲ့လူတွေ စတဲ့မြင်ကွင်းတွေကိုသာ သူ့ပတ်ပတ်လည်မှာ မြင်တွေ့လိုက်ရပါတယ်။
သူရောက်သွားတဲ့နေရာဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ရွာတရွာဖြစ်ပြီး အိမ်ကြီးအိမ်ကောင်းတွေ၊ ထနောင်းပင်၊ မန်ကျည်းပင်တွေ၊ လယ်ကွင်းတွေနဲ့ သာယာလှပတဲ့ ဒီရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့သွားရာ တရွာလုံးမီးလောင်ပြင်လိုဖြစ်နေတာပါ။
“အဲဒီအခြေအနေတွေမြင်ရတော့ အရမ်းဝမ်းနည်းတယ်။ စာထဲမှာ ဖတ်ထားတဲ့အညာနဲ့ အခု ကိုယ်တိုင်ရောက်သွားတဲ့ အညာနဲ့က အရမ်းကို ကွာခြားတယ်။” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ စိတ်ပျက်စရာတွေကြားထဲမှာ အားတင်းပြုံးတဲ့ အညာဒေသခံတွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကြောင့် သူအားတက်သွားပြီး လုပ်စရာရှိတာကိုသာ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါက လွန်ခဲ့တဲ့ ၂ နှစ်က အညာကို သူစရောက်တော့ ကြုံလိုက်ရတဲ့ ခံစားရမှုကို သူပြန်ပြောပြနေတာပါ။
သူအညာကို ရောက်လာတာဟာ အလည်အပတ်လာတာ မဟုတ်ပါဘူး။ မတရားစစ်အာဏာသိမ်းပြီး ပြည်သူ လူထုကို ရန်ပြုနေတဲ့ မြန်မာစစ်တပ်ကို အညာဒေသကနေ သူတတ်စွမ်းသလောက် ခုခံတွန်းလှန်ဖို့ လက်နက်ကိုင်တော်လှန်ရေးသမားတယောက် အဖြစ်ရောက်လာတာပါ။
အသက် ၂၇ အရွယ် မဖူးဟာ အညာဒေသမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတိုက်ခိုက်ရင်း အခြေပြုလှုပ်ရှားနေတဲ့ 96 Soldiers တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးမှူးဖြစ်ပါတယ်။
အာဏာမသိမ်းခင်က ကျမက ရေပေါ်ဆီ
၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်က ရန်ကုန်မှာ နေထိုင်ကြီးပြင်းခဲ့တဲ့ သူဟာ တိုင်းပြည်အခြေအနေကို စိတ်မဝင်စားဘဲ ကျောင်းတက်၊ အလုပ်လုပ်၊ ပျော်ပွဲရွှင်ပွဲတွေသွားရင်း ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းခဲ့သူပါ။
ရုပ်ရည်ချောမောပြီး အသံလည်းကောင်းတဲ့သူဟာ မီဒီယာတခုမှာ ရုပ်သံသတင်းကြေညာသူအဖြစ် အချိန်ပိုင်းလုပ်ကိုင်ခဲ့ပါတယ်။ သူရထားတဲ့ ဥပဒေဘွဲ့နဲ့ ဥပဒေအကျိုးဆောင်လုပ်ငန်းတခုမှာ စီးပွားရေးဆိုင်ရာ ဥပဒေအကြံပေးလုပ်နေခဲ့သူလည်း ဖြစ်ပါတယ်။
တပြိုင်နက်တည်းမှာ ဥပဒေဘာသာရပ်နဲ့ ဘွဲ့လွန်ဒီပလိုမာတန်းတခုကိုလည်း သူတက်ရောက်နေခဲ့ပါတယ်။
ဒါပေမဲ့ သူနဲ့ရွယ်တူတန်းတူ လူငယ်ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်တစားလေ့လာနေချိန် သူကတော့ သတင်းကြေညာသူလည်းဖြစ်၊ ဥပဒေအကြံပေးလည်းဖြစ်ပေမဲ့ နိုင်ငံရေးကို လေ့လာရကောင်းမှန်းမသိဘဲ ရေပေါ်ဆီတယောက်သာဖြစ်နေခဲ့တယ်လို့ ဝန်ခံပါတယ်။
“ရှေ့နေသာလုပ်တာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာဆိုဘာမျှ လေ့လာလိုက်စားရမှန်းမသိဘူး။ တိုင်းပြည် ဘာဖြစ်နေတာလဲ။ စစ်တပ်က တိုင်းပြည်ကို ဘယ်လိုဖိနှိပ်နေတာလဲဆိုတာတွေလည်း နားမလည်ခဲ့ဘူး။” လို့ သူက ပြောပါတယ်။
အိမ်မှာ မနေနိုင်တော့ဘဲ တောထဲရောက်သွားသူ
၂၀၂၁ မှာ စစ်တပ်က တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါမှာတော့ သူ့ရဲ့နေ့စဉ်ဘဝဟာ တဆစ်ချိုးပြောင်းလဲသွားဖို့ အကြောင်းဖန်လာပါတော့တယ်။
စစ်အာဏာသိမ်းတာကို ပထဦးဆုံးအကြိမ်ကြုံဖူးတဲ့ မဖူးဟာ အာဏာသိမ်းစအစောပိုင်းရက်တွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းပြည်အရေးစိတ်မဝင်စားပေမယ့် စစ်အာဏာသိမ်းတာဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ပြီး လူတွေကို ဒုက္ခရောက်စေမယ်ဆိုတာကိုတော့ သူနားလည်ထားပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီ ၄ ရက်မှာ ရန်ကုန်က တရားရုံးတွေရှေ့မှာ ရှေ့နေတွေစုပေါင်းပြီး စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း ဖဲကြိုးနီတပ်ပြီး ဓာတ်ပုံရိုက်တဲ့ ကမ်ပိန်းလုပ်ကြတဲ့အခါ သူပါဝင်ခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်မြို့မှာ လမ်းပေါ်လူထုသပိတ်တွေစတင်တဲ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး ဆူးလေ မြို့တော်ခန်းမရှေ့ကို သူသွားပြီး သူ့သူငယ်ချင်းတွေနဲ့အတူ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ပါတယ်။
သက်ဆိုင်ရာ အစုအဖွဲ့အလိုက် သပိတ်စစ်ကြောင်းတွေထွက်ကြတဲ့အခါမှာလည်း သူဟာ ရှေ့နေသပိတ် စစ်ကြောင်းနဲ့အတူ ရန်ကုန်မြို့အနှံ့ လိုက်ပါချီတက်ခဲ့ပါတယ်။
မြို့လယ်ကောင် လမ်းမတွေပေါ်က သပိတ်စစ်ကြောင်းတွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့အခါ ရပ်ကွက်တွေထဲမှာပဲ လမ်းအလိုက် စုဝေးပြီး ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြဖို့ကို လူငယ်တယောက်ဖြစ်တဲ့ သူလည်း တတ်တက်ကြွကြွနဲ့ ဦးဆောင်နှိုးဆော်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကလည်း ဆန္ဒပြသူတွေကို ရပ်ကွက်တွေထဲအထိ တအိမ်ဝင် တအိမ်ထွက် လိုက်လံ နှိမ်နင်း ဖမ်းဆီးခဲ့ရာ ဆန္ဒပြပွဲတွေ ခဏတာငြိမ်သွားပါတယ်။
အဲဒီနောက် သူဟာ လျှပ်တပြက်ပြောက်ကျားသပိတ်စစ်ကြောင်းတွေနဲ့ အသံတိတ်သပိတ်တွေမှာ ဆက်တိုက်ပါဝင်လှုပ်ရှားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကလည်း ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းပြီး သူတို့ကို ဆန့်ကျင်သူတွေကို လိုက်လံဖမ်းဆီးခဲ့ရာ သူနဲ့အတူတူ ဆန္ဒပြတဲ့ လူငယ်တွေတယောက်ပြီး တယောက် အဖမ်းခံလာရပါတယ်။
မြို့ပြမှာ ဆက်နေလို့ မလုံခြုံတော့တဲ့နောက်မှာတော့ သူဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကဝေးရာကို သွားဖို့ ဆုံးဖြတ်လိုက်ပြီး ၂၀၂၁ ဩဂုတ်လထဲမှာ နိုင်ငံတောင်ပိုင်းက တောထဲကိုရောက်သွားတယ်လို့ ဆိုပါတယ်။
“Safe House မှာနေနေသည့်တိုင်အောင် အပြင်ကနေ လမ်းလျှောက်သံတို့၊ တံခါးခေါက်တဲ့အသံတို့ကို တခုခုလို့ ကိုယ့်စိတ်ထဲမှာ ထင်နေတာပေါ့နော်။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေဖြစ်လာတော့ တောထဲကို ဆက်သွယ်ပြီးတော့ လာဖြစ်တာပေါ့။” လို့ သူက ပြောပါတယ်။
တော်လှန်ရေးအတွက် အသင့်ဖြစ်နေသူ
သူတောထဲသွားတာဟာ အဖမ်းခံရမယ့်အန္တရာယ်က ကင်းဝေးအောင် ထွက်ပြေးရုံသက်သက် မဟုတ်ဘဲ တော်လှန်ရေးအတွက် နိုင်ရာတာဝန်ထမ်းဆောင်ချင်တာကြောင့် ဖြစ်ပါတယ်။
အရင်က သတင်းကြေညာဖူးတဲ့ သူ့ရဲ့အတွေ့အကြုံကိုအသုံးချပြီး တော်လှန်ရေးသတင်းတွေတင်ဆက်နေတဲ့ သတင်းဌာနတခုခုမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆက်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ တောထဲရောက်စက သူ့ရဲ့စိတ်ကူးကို ပြောပြပါတယ်။
ဒါပေမဲ့ သူစိတ်ကူးသလို သတင်းတင်ဆက်သူမလုပ်မီ သူရောက်သွားတဲ့ တောတွင်းစခန်းက အရွယ်စုံလူတွေ ဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖို့ ပြင်ဆင်နေကြရာ ဘဏ္ဍာရေးတာဝန်ယူဖို့ လူလိုတာကြောင့် သူ့ကို အကူအညီတောင်းခဲ့ပါတယ်။
တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေတဲ့ မဖူးလည်း ဒီတာဝန်ကိုလက်ခံခဲ့ပြီး လက်နက်ကိုင်လမ်းစဉ်ကို စပြီးရွေးချယ်ဖြစ်သွားပါတယ်။
“အစကတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးဖို့ တောထဲကို ရောက်လာတာ မဟုတ်ဘူး။ မြို့ပေါ်မှာနေပြီး သပိတ်တွေက အများကြီးလုပ်လို့ မရတော့ဘူးဆိုတာ နားလည်လာတယ်။ ဒီတော်လှန်ရေးကို ဆက်ပြီးလုပ် ချင်သ၍က မြို့ပေါ်မှာနေပြီးတော့ လုပ်ခွင့်မရတော့တဲ့အခြေအနေတွေကြောင့်” လို့ သူက ပြောပါတယ်။
အဲဒီနောက် သူဟာ အခြေခံစစ်ပညာသင်တန်းကို တက်ပါတယ်။ သင်တန်းကာလတလျှောက်လုံးမှာ ပင်ပန်းဆင်းရဲမှုတွေကြုံခဲ့ရပေမဲ့လည်း သူ့ထက်အခြေအနေဆိုးတဲ့သူတွေကိုကြည့်ပြီး အားတင်းကျော်လွှားခဲ့တယ်လို့ သူကဆိုပါတယ်။
သင်တန်းမှာ အမှတ်အရဆုံးဖြစ်တဲ့ သင်တန်းနောက်ဆုံးပိုင်း သေနတ်ပစ်သင်ခန်းစာအတွက် သေနတ် ပစ်ကွင်းကိုရောက်ဖို့ တောထဲတောင်ထဲ လမ်းလျှောက်ခရီးရှည်ချီတက်ခဲ့ရတာကို သူက ခုလိုပြန်ပြောပြပါတယ်။
“သေနတ် ၃ ချက်၊ ကျည် ၃ တောင့်ပစ်ဖို့ အသွားအပြန် ၁၆ မိုင် လမ်းလျှောက်ခဲ့ရတယ်။ ၈ လပိုင်းဆိုတော့ မိုးတအားရွာနေတဲ့အချိန်ဆိုတော့ ဗွက်တွေနဲ့ ချော်လဲတဲ့သူက လဲ။ တောင် အမတ်ကြီးပေါ်ကို တက်ခဲ့ရတာ။ မူးလဲတဲ့ သူကလဲ။ ခြေထောက်ခေါက် လမ်းမလျှောက်နိုင်လို့ ထမ်းစင်နဲ့ သွားရတဲ့ဟာတွေ။ ချောင်းတခုတည်း ကိုပဲ အခါ ၂၀ လောက်ဖြတ်ခဲ့ရတယ်။” လို့ သူက ဆိုပါတယ်။
သူတို့တပ်ဖွဲ့ သင်တန်းဆင်းပြီးနောက် စခန်းရွှေ့တော့လည်း ၁၀ ရက်လောက် လမ်းလျှောက်ရတဲ့ ခရီးကို သွားရင်း အစားမှားပြီး တပ်ဖွဲ့ဝင်အားလုံး ဝမ်းလျှောကြရာ သူကိုယ်တိုင်လည်း ဝမ်း ၁၁ ခါလောက်သွားပြီး ဖျားခဲ့ရတယ်လို့ ပြောပါတယ်။
စခန်းပြောင်းပြီးနောက် တပ်ဖွဲ့ရပ်တည်ရေးအတွက် ထောက်ပံ့ငွေရှာကြတဲ့အခါ တပ်ဖွဲ့နာမည်ကို ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ တပ်ဖွဲ့ဝင် ၉၆ ယောက်ရှိတာကြောင့် 96 Soldiers ရယ်လို့ အမည် ပေးဖြစ်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
စစ်တွင်းကာလ အညာရောက် ရန်ကုန်သူ
၂၀၂၂၊ ၈ လပိုင်းမှာတော့ သူတို့တပ်ဖွဲ့ဟာ နိုင်ငံတောင်ပိုင်းကနေ အလယ်ပိုင်းဒေသ အညာမှာ စစ်ရေးလှုပ်ရှားဖို့ တပ်ဖြန့်ပြောင်းရွှေ့ခဲ့ပါတယ်။
အမျိုးသမီးတော်လှန်ရေးသမားတွေရှိနေတဲ့ အညာမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ သူ့အနေနဲ့လည်း အမျိုးသမီးတယောက်ဖြစ်လို့ ခွဲခြားဆက်ဆံခံရတာ မကြုံရဘူးလို့ သူကဆိုပါတယ်။
“ဒီတော်လှန်ရေးကာလမှာ နင်ကတော့ အမျိုးသားဖြစ်လို့၊ နင်ကတော့ အမျိုးသမီးဖြစ်လို့ ဒီနေရာမှာနေ ဆိုပြီးတော့ ခွဲခြားခံရတာ မရှိသလောက်နည်းသွားပြီ” လို့ သူမြေပြင်မှာ ကြုံနေရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
တောတောင်လျှိုမြောင်တွေပေါများတဲ့ နိုင်ငံတောင်ပိုင်းကနေ တောတောင်ရှားပါးရာနယ်မြေအညာကို ရောက်သွားတဲ့အခါ သူတို့တပ်ဖွဲ့ဟာ အတော်လေး သတိထားရတယ်လို့ သူက ဆိုပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေဟာ တောင်ပိုင်းမှာလို ခရီးရှည်ထွက်အချိန်ယူပြီး တိုက်ရတာမဟုတ်တော့ဘဲ အချိန်တိုအတွင်းမှာပင် ခပ်စိပ်စိပ်ဖြစ်နေတာကို ကြုံလာရတယ်လို့ သူကပြောပါတယ်။
“အညာက ကွင်းပြောင်ကြီး။ ကွယ်စရာဆိုလို့ ထန်းပင်ပဲရှိတာ။ အဲဒီထန်းပင်တွေကလည်း လုံအောင် ကွယ်ပေးနိုင်တဲ့ အနေအထားမဟုတ်ဘူး။ ဒီတော့အများကြီး ဂရုစိုက်ရတယ်။” လို့ သူကဆိုပါတယ်။
ဒီလိုကွင်းပြောင်ပြောင် အညာစစ်မြေပြင်က လူတွေ အဆိုးဆုံးရင်ဆိုင်ရတဲ့ အန္တရာယ်ကတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။
၂၀၂၃ ဒီဇင်ဘာမှာ ပုလဲမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရဲ့ တရားရုံး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရစဉ်က မဖူးဟာ တရားရုံးအဆောက်အဦနဲ့ ၁၀ အိမ်ကျော်လောက်မှာ ရှိနေခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတုန်းက သူ့ရဲဘော်တွေနဲ့အတူ ဒေသခံအရပ်သားတွေရဲ့ အိမ်မှာထမင်းစားနေတုန်း ခပ်နိမ့်နိမ့်ပျံနေတဲ့ လေယာဉ်သံကို သူကြားခဲ့ရပြီး အိမ်နောက်ဖက်က အိမ်သာထဲကို အိမ်သားတွေနဲ့အတူ ပြေးဝင်ပုန်းနေခဲ့ပါတယ်။
အလွန်ကျယ်လောင်တဲ့ ဗုံးပေါက်ကွဲသံကိုကြားခဲ့ရပြီးနောက်မှာတော့ ဗုံးကြဲသွားရာနေရာကို သွားကြည့်စဉ် ခြေပြတ်၊ လက်ပြတ်တွေနဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို တွေ့ခဲ့ရတယ်လို့ သူကဆိုပါတယ်။
ဗုံံးကြဲခံရမှုကြောင့် အသက် ၃၅ နှစ်အရွယ်မြို့နယ်တရားရေးတာဝန်ခံနဲ့ ဇနီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် ပညာရေးစေတနာ့ဝန်ထမ်း၊ အသက် ၂၀ အရွယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ ဒေသခံပြည်သူမိသားစု ၃ ဦး၊ အသက် ၃၀အရွယ်မိခင်နဲ့ သားဖြစ်သူ ၁ နှစ် အရွယ်ကလေးငယ်တို့ သေဆုံးခဲ့တယ်လို့ ကျေးရွာပအဖအဖွဲ့ဝင်က ပြောပါတယ်။
“အဲဒီဟာပြီးတော့ လေယာဉ်သံကြားတာနဲ့ အားလုံးက စိတ်ကစဉ့်ကလျားဖြစ်ကုန်ကြတယ်။” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ တော်လှန်ရေးခံယူချက်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက်အနေနဲ့ သူတို့တပ်ရဲ့စစ်ဆင်ရေး နယ်မြေတွေအထိ လိုက်ပါနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းစကတည်းက ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြရာကနေ လက်နက်ကိုင်တပ်ဖွဲ့ဝင် တယောက်ဖြစ်လာတဲ့အထိ တော်လှန်ရေးထဲ တစိုက်မက်မက်ပါဝင်လာတဲ့ မဖူးမှာ အများနည်းတူ မျှော်လင့်ချက်ရှိနေပါသေးတယ်။
“ကိုယ့်အိမ် ကိုယ်ပြန်ချင်တယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ချင်တယ်။ ကျမတို့က တော်လှန်ရေးကို ပျော်လွန်းလို့ လုပ်နေကြတာ မဟုတ်ဘူး။ အမှန်တရားဘက်က ရပ်တည်ရမယ့် စိတ်ခံစားချက်တွေကြောင့် လုပ်ရမယ်ဆိုတဲ့ တိုင်းပြည်ကပေးတဲ့ တာဝန်လို့ပဲပြောရမလား။ အဲ့ဒါကြောင့်သာ ဆက်လုပ်နေတာ။”
#မြေလတ်အသံ
#ဆောင်းပါး #ရုပ်ပုံလွှာ #96_Soldiers #ဘဏ္ဍာရေးမှူး #ရဲဘော်ဖူး
Share Share Share