အာဏာသိမ်းပြီးနောက် မြေလတ်ဒေသမှာ စစ်ရှောင်ဦးရေ ၂ သန်းခွဲကျော်ရှိလာ

အာဏာသိမ်းပြီးနောက် မြေလတ်ဒေသမှာ စစ်ရှောင်ဦးရေ ၂ သန်းခွဲကျော်ရှိလာ

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်း ပြည်တွင်းစစ်ရှောင်ဦးရေ ၄ သန်းကျော်ရှိလာတဲ့အနက် အဲ့ဒီထဲမှာ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာတော့ စစ်ရှောင်ဦးရေ ၂ သန်းခွဲကျော် ( ၂,၈၉၈,၈၃၈) အထိ ရှိလာတယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ ISP - Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ရှောင်ဦးရေ  ၂ သန်းကျော် (၂,၂၈၂,၃၄၉)၊ မကွေးတိုင်းမှာ ၃ သိန်းကျော် (၃၅၆,၅၅၀) နဲ့ ပဲခူးတိုင်းမှာ ၂ သိန်းခွဲကျော် (၂၅၉,၉၃၉) ထိ ရှိလာတာပါ။ 

အဲ့ဒီအထဲက စစ်ရှောင် ၁ သိန်းကျော် (၁၂၉,၀၀၀) ကတော့ ၁၀၂၇ စစ်ဆင်ရေးစပြီး နောက်ပိုင်းမှ တိုးလာတဲ့ အရေအတွက် ဖြစ်ပါတယ်။ 

ဒီအရေအတွက်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်အထိ ISP - Myanmar က ကောက်ယူစုစည်းထားတဲ့ ကိန်းဂဏန်းဖြစ်ပြီး လက်ရှိမြေပြင်မှာ ဒီအရေအတွက်ထက် ပိုများနိုင်ပါတယ်။  

“မြန်မာနိုင်ငံက စစ်ရှောင်တွေအတွက်ကတော့ အရမ်းခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာရဲ့အထောက်ပံ့ကလည်း ဘာတခုမှမရဘဲနဲ့ ရှောင်ကြ၊ တိမ်းကြရတဲ့အနေအထားဆိုတော့ အရမ်းခက်ခဲတဲ့ စစ်ရှောင်တွေဖြစ်တာပေါ့။” လို့ စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်တွေကို ကူညီ ထောက်ပံ့ပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

သူတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်ဖို့က အဓိက အခက်အခဲပါ။ ဒီအခက်အခဲတွေကို ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းကူညီနေကြတာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကလည်း ထောက်ပံ့မှုတွေပေးဖို့ အထက်ပါ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက တောင်းဆိုထားပါတယ်။ 

“နိုင်ငံတကာဆိုတာကတော့ စောင့်ကြည့်ရေးအနေနဲ့ပဲ သွားနေတဲ့အနေအထားမှာ တွေ့နေရတော့ စောင့်ကြည့်တာထက်စာရင် လက်တွေ့ မြေပြင်မှာ တကယ်ဖြစ်နေတဲ့အရာတွေကို ဖြစ်နေတဲ့အလျောက် တတ်နိုင်တဲ့အားနဲ့ ကူညီပေးဖို့အတွက် တောင်းဆိုချင်တာပါ” လို့ ပြောပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်အောက်ခံ စစ်ကောင်စီ တပ်သားတွေဟာ ခုခံစစ်အားကောင်းတဲ့ စစ်ကိုင်း၊ မကွေး စတဲ့တိုင်းဒေသကြီးတွေအပြင် သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆတဲ့ ဒေသတွေကို အင်အားသုံး စစ်ကြောင်းထိုးတာ၊ နေအိမ်မီးရှို့တာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေလုပ်နေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ကနေ စွန့်ခွာ ထွက်ပြေးနေကြရတာပါ။ 

ပုံစာ - စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်အချို့။ (ပုံဟောင်း)

#မြေလတ်အသံ 

#မြေလတ်ဒေသ #စစ်ရှောင်ဦးရေ #တိုးပွားမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10