အာဏာသိမ်းပြီး ၂ နှစ်ခွဲအကြာမှာ စက်လှေပေါင်း ၆၀ ကျော်ပါဝင်နိုင်ခဲ့တဲ့ ရေပေါ်သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထု၊ အသင်းအဖွဲ့တွေနဲ့ တပ်ရင်းတပ်ဖွဲ့ဝင်တွေက စစ် ၃ စစ် အလိုမရှိကြောင်းကို မြစ်ရေပြင်ပေါ်မှာ သပိတ်စစ်ကြောင်းထွက်ပြီး၊ သြဂုတ် ၂၁ ရက်ကဆန္ဒပြခဲ့ကြတယ်လို့ သပိတ်ဦးဆောင်သူတဦးဆီက သိရပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ထိစပ်ရာ မြောင်မြို့နယ်အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း တိုက်နယ် ၃ ခုက စက်လှေ ၆၀ ကျော်၊ ရွာပေါင်း ၁၉ ရွာက ပြည်သူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက စစ်အုပ်စု၊ စစ်အာဏာရှင်နဲ့ စစ်ဗျူရိုကရေစီဆိုတဲ့ စစ်သုံးစစ်ကို လက်မခံကြောင်း မြောင်နယ်ပြည်သူလူထုကဆန္ဒပြခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

" အခု ရေသပိတ်လုပ်တဲ့နေရာတွေဟာ အရင်က ဆိုင်ကယ်တွေကားတွေနဲ့ လှည့်လည်သပိတ်ပြုလုပ်ခဲ့တဲ့နေရာတွေပါ။ အခြေနေတွေ ဘယ်ပုံစံပြောင်းသွားပါစေ ကျနော်တို့တတွေရဲ့အာဏာရှင်ကို မလိုလားတဲ့စိတ်ဓာတ်တွေ ပြောင်းလဲမသွားဘူးဆိုတာ သိစေချင်တဲ့အတွက် အခုလိုရေပေါ်သပိတ်ပြုလုပ်ရတာပါ" လို့ CDSOM တပ်ဖွဲ့တာဝန်ခံ ကိုနွေဦးက မြေလတ်အသံကို ပြောပါတယ်။

မြန်မာ့အရေးကို နှုတ်ဆိတ်နေတဲ့ အာဆီယံရော၊ အရပ်သားသတ်ဖြတ်ခံရတာ၊ ပြည်သူ့အိုးအိမ်မီးရှို့ဖျက်ဆီးခံရတာရှိသလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေ များပြားနေပြီး၊ ဒီမိုကရေစီလိုလားလို့ အခုလို အာဏာရှင်ကို တွန်းလှန်နေကြတဲ့ ပြည်သူတွေဘက်ကို ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေအနေနဲ့လည်း မျက်ကွယ်ပြုမနေကြဖို့ကို ရည်ရွယ်ပြီးလုပ်ခဲ့တာပါလို့ သူက ဆက်ပြောပါတယ်။

ရေပေါ်သပိတ်စစ်ကြောင်းကို သြဂုတ် ၂၁ ရက်၊ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီအထိ စက်လှေတွေ လှည့်လည်မောင်းနှင်ကြပြီး၊ သပိတ်စကားအနေနဲ့ ဒေါက်တာတေဇာဆန်း၊ woman Aliance burma အဖွဲ့၊ မုံရွာပင်မသပိတ်အဖွဲ့နဲ့ မြောင်လူငယ်ကွန်ရက် YFC တို့က ပြောခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအနေနဲ့က ရေလမ်းရောကုန်းလမ်းမှာပါ CDSOM အဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁၊၂၊၆ မှ တပ်ခွဲ ၃ ခွဲ၊ မြောင်မြို့နယ် ပလဖ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့၊ နဂါးပေါက်၊ မြောင်မြို့မ နဲ့တိုက်နယ်ပကဖတို့က အဓိကတာဝန်ယူကြပြီး မြောင် local အဖွဲ့တွေကလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြောင် #ရေပေါ်သပိတ် #မြောင်လူငယ်ကွန်ရက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10