အာဏာသိမ်း ၃ နှစ်ပြည့်နီးကပ်ချိန် နေပြည်တော်မှာ လုံခြုံရေးအထူးတင်းကျပ်

အာဏာသိမ်း ၃ နှစ်ပြည့်နီးကပ်ချိန် နေပြည်တော်မှာ လုံခြုံရေးအထူးတင်းကျပ်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဇန်နဝါရီလတတိယပတ်အတွင်းက စတင်ကာ အင်အားအများအပြားသုံးပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ နေပြည်တော်ရှိ မြေလတ်အသံရဲ့ တပ်နဲ့ရဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။

နေပြည်တော် အဝင်၊အထွက်နေရာတွေ လုံခြုံရေးတိုးမြှင့်တာ၊ ကင်းပုန်းဝပ်တာတွေကို နေပြည်တော်အတွင်းရှိ နယ်မြေခံတပ်တွေ၊ ပြင်ပက လာရောက်လုံခြုံရေးယူထားတဲ့တပ်တွေအပြင် ကက(ကြည်း) စစ်ရုံးအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကိုပါ ထုတ်နုတ်တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။

“ စစ်ရုံးထဲက ရုံးတော်တော်များများက တပ်ကြပ်ကြီး/စာရေးတွေ အကုန်ထုတ်ပြီး လုံခြုံရေးထွက်နေရတာ ၄ ၊ ၅ ရက်လောက်ရှိပြီ။ ရုံးတွေမှာ ဦးစီးအရာရှိနဲ့ ရုံးအုပ်တွေလောက်ပဲ ကျန်တယ်။ ကိုယ့်အချိန်ပြီးလို့ ရုံးထဲက လိုင်းခန်းတောင်ပြန်လို့မရဘူး၊ အမြဲတမ်းအသင့်ပုံ စောင့်နေရတာ ” လို့ နေပြည်တော်ရှိ တပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

နေပြည်တော် လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ဒက္ခိဏသီရိ မြို့နယ်အတွင်း ဝင်၊ထွက်ပေါက် လမ်းနေရာတွေအပြင် အမြန်လမ်းမကြီးနဲ့ လမ်းဟောင်းတလျှောက်နေရာတွေမှာ လုံခြုံရေး တိုးမြှင့်ချထားမှု များပြားတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ အာဏာသိမ်း ၃ နှစ်ပြည့်မှာဖြစ်ပြီး ယင်းကာလမတိုင်မီ နေပြည်တော်မှာ  လုံခြုံရေးအထူးတင်းကျပ်ချထားတာမျိုးဖြစ်ကာ လုံခြုံရေးတင်းကျပ်တဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျမသိရဘူးလို့ ဆိုပါတယ်။

“ စစ်ရုံးထဲမှာက တပ်ကြပ်ကြီး/စာရေးအဆင့်က အငယ်ဆုံးပဲဆိုတော့ သူတို့ကိုပါထုတ်ပြီး လုံခြုံရေးမြှင့်တာပေါ့။ အရင်က လုံခြုံရေးမြှင့်လည်း စစ်ရုံးထဲကအဖွဲ့တွေကို ထည့်တာမျိုးမရှိဘူး။ သတင်းတခုခုရထားတာမျိုးရှိလို့ စစ်ရုံးအင်အားတွေပါ ထုတ်သုံးတာမျိုး ဖြစ်နိုင်တယ် ” လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

နေပြည်တော်အတွင်း လုံခြုံရေးရဲတပ်ဖွဲ့တွေစောင့်ကြပ်တဲ့ စခန်းငယ်တွေကိုလည်း အင်အားအများအပြားဖြည့်တင်းကာ လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်ဆောင်နေသလို လှည့်ကင်း၊ပတ်ကင်းတွေကို သတ်မှတ်လမ်းကြောင်းအတိုင်း နေ့/ညမပြတ် အလှည့်ကျကင်းပတ်ဖို့ ညွှန်ကြားထားတယ်လို့ နေပြည် တော်ရှိ ရဲသတင်းရင်းမြစ်တဦးကလည်း ပြောပါတယ်။

“ နောက်တန်းရဲတပ်ရင်းတွေမှာ လူသိပ်မချန်တော့ဘူး။ အရင်က ၁+၆ (အရာရှိ ၁ ၊ အခြားအဆင့် ၆) လောက်ပဲရှိတဲ့ စခန်းငယ်တွေတောင် အင်အား ၂ ဆ ၁၂ ယောက်လောက် ဖြည့်ထားတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာပဲ ရေတာရှည်မြို့နယ်အတွင်းလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နေပြည်တော်အနီး ၇ မိုင်ခန့်အကွာ ကိုးပင်-သာဂရ လမ်းပိုင်းအထိ တက်ရောက်ကာ လမ်းသွား ၊ လမ်းလာယာဥ်တွေကို စစ်ဆေးနိုင်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မှာ နိုင်ငံရေးအရအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်နဲ့လူမှုကွန်ယက်တွေမှာ ပုံစံမျိုးစုံနဲ့ ပြောဆိုနေကြပါတယ်။

လက်ရှိနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအခြေအနေတွေကြောင့် နေပြည်တော်က စစ်ခေါင်းဆောင်တွေ အကြပ်တွေ့နေပြီး ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့မှာ မဘသဆရာတော်တွေနဲ့ တပ်ထောက်ခံသူတွေ ဦးဆောင်ပြုလုပ်တဲ့ မြောက်ပိုင်း ၃ ဖွဲ့ကိုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲမှာ ပေါက်ကိုယ်တော်လို့ လူသိများတဲ့ မဘသဆရာတော် ဦးအရိယာဝံသက စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ် ရာထူးက နားပြီး အရပ်ဘက်မှာတာဝန်ယူကာ တပ်ချုပ်ရာထူးကို ဒုချုပ် စိုးဝင်းထံ လွှဲပြောင်းပေးဖို့ လှုံ့ဆော်ဟောပြောမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်က တပ်မတော်နေ့စစ်ရေးပြကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ် (CINCDS)။

#မြေလတ်အသံ

#နေပြည်တော် #စစ်ကောင်စီတပ် #လုံခြုံရေးတိုးမြှင့် #စစ်ရုံး #လယ်ဝေး #ပျဉ်းမနား #အမြန်လမ်း 

#အာဏာသိမ်း #၃နှစ်ပြည့် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10