အာဏာသိမ်း ၃ နှစ်ပြည့်မှာ စစ်ကောင်စီဆန့်ကျင်ရေး နည်းပေါင်းစုံနဲ့လူထုပါဝင်ဖို့ နှိုးဆော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ခရီးသွားပြည်သူလူထုနဲ့တွေ့ဆုံပြီး တော်လှန်ရေးလှုံဆော်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အဖွဲ့ဆီက သိရပါတယ်။

ယနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ၁၀၂၈ ရက်မြောက် သပိတ်လှုပ်ရှားမှုတရပ်အနေဖြင့် ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ မြောက်ယမားတံတားပေါ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာကျရောက်မယ့် ၂၀၂၄ ခုနှစ် ဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းခံရတာ ၃ နှစ်ပြည့်ဖြစ်လို့ လူထုက နိုင်ရာတာဝန်ထမ်းရင်း ပါဝင်ပေးဖို့ လှုံဆော်ခဲ့တယ်လို့ ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုသက်ဦးက ပြောပါတယ်။

အဲ့ဒီနေ့မှာ နယ်ပယ်အသီးသီးက သပိတ်အင်အားစုတွေ တော်လှန်ရေးအင်အားစုတွေက နည်းလမ်းမျိုးစုံနဲ့လှုပ်ရှားမှုတွေ ပြုလုပ်မှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြောဆိုခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးရဲ့အင်အားက လူထုနဲ့သွားရမှာဖြစ်တဲ့အတွက် လူထုမပါရင် တော်လှန်ရေးက ကျရှုံးသွားနိုင်သလို လူထုမရှိရင် တော်လှန်ရေး အင်အားစုတွေရှိမှာ မဟုတ်သလို NUG အစိုးရလည်း ရှိမှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် လူထုနဲ့အပြိုင် တွန်းနိုင်မှသာ အားကောင်းလာမှာဖြစ်သလို လူထုမှတပါး အားကိုးစရာ အခြားမရှိပါဘူးလို့ ဆိုပါတယ်။

စစ်ရေးမှာလည်း ညီနောင်မဟာမိတ် ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်အောင်မြင်မှုက ပြည်သူတွေကို ကိုင်လှုပ်နိုင်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး တညီတညွတ်တည်း တိုက်နိုင်မှာသာ တော်လှန်ရေးအောင်မြင်မှုကိုရလာမှာဖြစ်တယ်လို့ ကိုသက်ဦးက ပြောပါတယ်။

သပိတ်ကော်မတီကို ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲဘော်ကိုချမ်းမြေ့ကျော်ဟာ ၂၀၂၁ ခုနှစ် မတ် ၇ ရက်မှာပဲ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းတံတားအနီး အောင်ဇေယျမြို့သစ်မှာ သပိတ်ဆန္ဒပြရင်း ကျဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှာလည်း သပိတ်ဖြိုခွင်းခံရသလို ရဲဘော် ၇ ဦးကို စစ်တပ်ကဖမ်းဆီးတာခဲ့ရပြီး ယခုပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ခက်ခဲနေတဲ့ အခြေအနေမှာပဲ ညနေဆည်းဆာသပိတ်ဆိုပြီး ကယ်တင်ရှင်မရှာဒို့ကျေးရွာသပိတ်၊ အားမာန်သစ်သပိတ်၊ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ် စတဲ့ ပူးပေါင်းသပိတ်စစ်ကြောင်းတွေထွက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #သပိတ်လှုပ်ရှားမှု #လူထုလှုံဆော် #ပူးပေါင်းပါဝင် #ကော်မတီဝင်များ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10