အိမ်ခြေ ၄၀၀ ကျော်မီးရှို့ခံခဲ့ရတဲ့ သက္ကယ်ကျင်းရွာက ဒေသခံတွေ အကူညီလိုအပ်နေ

အိမ်ခြေ ၄၀၀ ကျော်မီးရှို့ခံခဲ့ရတဲ့ သက္ကယ်ကျင်းရွာက ဒေသခံတွေ အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက ဒေသခံတွေကို မတ် ၂၁ ရက်မှာ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်နဲ့ အဝတ်အထည်တွေထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ဆီက သိရပါတယ်။ 

သက္ကယ်ကျင်းရွာကို မတ် ၁၄ ရက်မှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ စားသောက်ဖို့နဲ့ နေထိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။ 

"အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရသူတွေများတယ်။ စားစရာ ဝတ်စရာကို အဆင်မပြေကြဘူး။ အကူအညီတောင်းလာတဲ့အတွက် တတ်နိုင်သမျှထောက်ပံ့ပေးခဲ့တာပါ" လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ဒုအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေ ကပြောပါတယ်။

လက်ရှိမှာ သက္ကယ်ကျင်းရွာက အိမ်ထောင်စု ၄၅၆ စု၊ စုစုပေါင်းလူဦးရေ ၁၅၀၀ ကျော်စစ်ရှောင်နေရပြီး ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ သက္ကယ်ကျင်းကျေးရွာကို မတ် ၁၄ ရက်နေ့လယ် ၂ နာရီလောက်ကနေ ည ၁၂ နာရီကျော်အထိ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၅၆ လုံးပျက်စီးခဲ့ပါတယ်။ 

စစ်ကောင်စီစစ်ကြောင်း ရွာကပြန်ထွက်ချိန်မှာလည်း ရွာခံ ၃၀ နီးပါးကိုဖမ်းဆီးသွားခဲ့ပြီး နယ်မြေရှင်းလင်းရေး ဝင်ချိန်ကလည်း ရွာထဲမှာ မီးလောင်သေဆုံးနေတဲ့ ဒေသခံ ၄ ဦးတွေ့ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #သက္ကယ်ကျင်း #ထောက်ပံ့ #စစ်ကောင်စီ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10