အိမ်စီးကားနဲ့စျေးလာဝယ်တဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့တပည့် ဒုတိယအကြိမ်ပစ်ခတ်ခံရ

အိမ်စီးကားနဲ့စျေးလာဝယ်တဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့တပည့် ဒုတိယအကြိမ်ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ စစ်ကောင်စီလက်အောက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ၎င်းရဲ့တပည့်ဖြစ်သူတို့ကို ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။

ပစ်ခတ်ခံရသူမှာ စည်ပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဝင်းဇော်နဲ့ တပည့်ဖြစ်သူ ဘိုစိုးတို့ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက် မနေ့မနက် ၇ နာရီကျော်လောက်မှာ အိမ်စီးကားနဲ့သုံးဆယ်မြို့ပေါ်ကို စျေးဝယ်ဖို့လာချိန်  သုံးဆယ်-တောင်ညို-ပန်းဆွဲလမ်းပေါ်အရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေး တပ်ဖွဲ့ကပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ သူတို့ကားကိုဆိုင်ကယ်နဲ့ ပိတ်ရပ်လိုက်တယ်ပြီးတော့ ဝင်းဇော်ကိုပစ်တဲ့အချိန် ဝင်းဇော်ကသူ့တပည့်ဆီကသေနတ်ကို ယူတယ်။ ယူတဲ့အချိန်မှာ ထိခိုက်သွားတယ်။ ထပ်ပစ်ဖို့လုပ်တော့  ဖြတ်သွား ဖြတ်လာပြည်သူတွေရှိတဲ့အတွက် ထိခိုက်မှာစိုးလို့ အမြန်ဆုံးရှောင်ပြီးတော့ ထွက်သွားလိုက်တယ် ”လို့  သာယာဝတီဂဠုန်တပ်ဖွဲ့မြို့ပြစစ်ရေးတာဝန်ခံကိုတံခွန်က မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်ခံမှုကြောင့် အုပ်ချုပ်ရေးမှူးဝင်းဇော် မှာ ကျည်ထိမှန်ခဲ့လို့ ရန်ကုန်ဆေးရုံကိုပို့ဆောင်ကုသနေရသလို ကားနောက်မှာလိုက်ပါလာတဲ့ တပည့်ဖြစ်သူဘိုစိုးမှာလည်း ဝမ်းဗိုက်ကျည်ထိမှန်တာကြောင့် သာယာဝတီဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ 

အုပ်ချုပ်ရေးမှူးဝင်းဇော်ဟာ စစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့နေအိမ်ကပစ္စည်းတွေကို ယူဆောင်ရောင်းချတာမျိုးတွေ ပြုလုပ်သလို စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ဂိတ်ဖွင့်ငွေတောင်းတာ၊ ပိုင်ရှင်တွေကို အသိမပေးပဲစပါးတွေကို ရိတ်ယူတာမျိုးတွေကိုလည်း လုပ်ဆောင်လေ့ရှိတယ်လို့ အထက်ပါ စစ်ရေးတာဝန်ခံက ဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဝင်းဇော်ဟာ ပြီးခဲ့တဲ့ ၂၀၂၂၊ ဩဂုတ်လအတွင်းမှာလည်း သာယာဝတီမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းလာစဉ် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်တာကိုခံခဲ့ရပေမယ့် နားထင်ကျည်ရှပ်ထိ ဒဏ်ရာသာရရှိကာ အသက်ဘေးကလွတ်မြောက်ခဲ့တာဖြစ်ပြီး ယခုဒုတိယအကြိမ်ထပ်မံပစ်ခတ်ခံရ တာလည်း ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေပေါင်းပြီး အင်အားအများအပြားနဲ့ အခင်းဖြစ်နေရာနဲ့ အနီးတဝိုက်ကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်သွားတယ်လို့လည်း သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #စစ်ကောင်စီ #အုပ်ချုပ်‌ရေးမှူး #ပစ်ခတ်  

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10