အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရလို့ ၁ ဦးသေ ၃ ဦးပြင်းထန်ဒဏ်ရာရဟုဆို

အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရလို့ ၁ ဦးသေ ၃ ဦးပြင်းထန်ဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကားတွေကို ဧပြီ ၂၂ ရက်နေ့လည် ၁၂ နာရီခန့်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
 
မြင်းခြံဘက်ကနေ နွားထိုးကြီးနယ်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ၃ စီးကို သာယာကုန်းရွာအနီးအရောက်မှာ ၈ လုံးတွဲ ပဒေသာမိုင်း နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင် တပ်ရင်း အမှတ်- ၄ နွားထိုးကြီး PDF ကတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
 
"စကစတွေလာမယ်ဆိုတာကြိုသိလို့ လမ်းဘေးမှာပဒေသာမိုင်းထောင်ထားတာပါ။ ၁ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရတယ်လို့သိရတယ်။ ကတ္တရာလမ်းဆိုတော့ လမ်းကြောဘေးမှာကပ်ထောင်ရတော့ ကားထိခိုက်မှုနည်းတယ်။ မြေသားလမ်းမှာ ပဒေသာမိုင်းထောင်ရင် လမ်းအလယ်မှာမြုပ်လို့ရတော့ ကားတွေပါလွင့်ထွက်နိုင်တယ်” လို့ ပြောပါတယ်။
 
စစ်ကောင်စီဘက်ကသေဆုံးတာဒဏ်ရာရတာနဲ့ပတ်သက်ပြီး မြေပြင်သတင်းပေးအဖွဲ့ထံက ပြန်လည်သိရှိရတာလို့ PDF ကပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
 
မတ်လ ၂၇ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ်မှာ Alphard အိမ်စီးကားနဲ့လိုက်ပါလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
စာတည်း- ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10