အိမ်တွေမီးရှို့ပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၁ ဦးသေပြီး၊ ဒဏ်ရာရသူများ

အိမ်တွေမီးရှို့ပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၁ ဦးသေပြီး၊ ဒဏ်ရာရသူများ

ပဲခူးတိုင်း အနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာကိုမီးရှို့ပြီး တပ်ဆုတ်လာတဲ့ စစ်ကောစီစစ်ကြောင်းကို မတ်လ ၂၈ ဒီနေ့မနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်အရှေ့ဘက်၊ ပဲခူးရိုးမအစပ်ရှိ ဝိုင်းကျေးရွာအုပ်စု၊ တာဝါတိုင်ရွာမှာ မီးရှို့တပ်ဆွဲပြီး ပြန်လာတဲ့အင်အား ၃၅ ဦးလောက်ပါတဲ့ စစ်ကြောင်းကို ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ပဒေသာမိုင်း ၄ လုံးနဲ့ တာဝါတိုင်ရွာဆည်ခြေရင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တပ်ခွဲ ၄ ရဲ့တာဝန်ရှိသူက ပြောပါတယ်။


"ခုမနက် ၇ နာရီ ၄၄ မိနစ်မှာ စစ်ကြောင်းက အတန်းလိုက်အလစ်ပြန်ဆုတ်လာတာ။ ကျနော်တို့က ညတည်းကကြိုစောင့်ပြီး ပဒေသာမိုင်း ၄ လုံး အတန်းလိုက်ခင်းပြီးခွဲတာ ၁ ယောက်သေပြီး၊ ဒဏ်ရာရတာက ၁၀ ဦးလောက်ရှိမယ်" လို့ ပြောပါတယ်။

သေဆုံးတဲ့စစ်သားတဦးကို ဝိုင်းရဲစခန်းအနီးမှာ မြေမြုပ် အမိန့်ပြန်ခဲ့တယ်ဆိုပြီး သတင်းပြန်ရတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်မှာ တာဝါတိုင်ရွာက နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

အုတ်ဖိုမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်တပ်ဘက်က သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်‌ကြောင်းဟာ အုပ်ဖိုမြို့နယ်အတွင်းက စစ်ကောင်စီထောက်တိုင်တွေနဲ့ပေါင်းကာ မီးရှို့၊ လူသတ်၊ အဓမ္မပြုကျင့်တာနဲ့ ဒေသခံပြည်သူတွေဆီက ငွေတောင်းရမ်းမှုတွေလည်း ပြုလုပ်နေတယ်လို့ ကျေးရွာသားတဦးဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်ဟာ ပဲခူးတိုင်းအတွင်းက ထန်းတပင်၊ နတ်တလင်း၊ ပေါင်းတည်မြို့၊ ပေါက်ခေါင်းမြို့တွေနဲ့အတူ စစ်ကောင်စီက မာရှယ်လောသတ်မှတ်ထားတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

ပုံစာ - သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10