အိမ်ပျောက်သူတွေကို အိမ်ပြန်ခိုင်းတဲ့ စစ်တပ် (အတွေးအမြင်)

အိမ်ပျောက်သူတွေကို အိမ်ပြန်ခိုင်းတဲ့ စစ်တပ် (အတွေးအမြင်)

ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၃၆၀ ကျော်သေဆုံး ကာ အနည်းဆုံး လူ ၁၀၀ ကျော် ပျောက်ဆုံးနေပြီး မြို့နယ်ပေါင်း ၃၃၀ မှာ လူ ၁ ဒသမ ၁ သန်း ဝန်းကျင် ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းက ရေဘေးဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ထက် နေရပ်ကိုမြန်မြန်ပြန်ကြဖို့ကို တွန်းလို့နေပါတယ်။ 

အောက်တိုဘာ ၁ ရက်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့အတွက် အခုလို ရေဘေးရှောင်ပြည်သူ တွေကို နေရပ်ပြန်ခိုင်းနေတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက အခုလို နေရပ်ပြန်ဖို့၊ နေအိမ်မှာနေကြဖို့ အသည်းအသန်တိုက်တွန်းနေပေမယ့် ရေဘေးဒဏ်သင့် ပြည်သူတချို့ဟာ ပြန်စရာနေအိမ်မရှိတော့သလို အိမ်ပြန်လို့ရတဲ့အခြေအနေတွေလည်း မဟုတ်သေးပါဘူး။ 

ဒီလို ရေကြီး၊ ရေလျှံ မြေပြိုမှုကြောင့် လူနေအိမ်တွေ ပျက်စီးတာ၊ နေအိမ်တွေ မြေကြီးအောက်ရောက်သွားတာ တွေကို ဆိုးဆိုးရွားရွားကြုံလိုက်ရတဲ့အထဲမှာ ရမည်းသင်းမြို့နယ်ထဲက သပြေပင်ရွာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ 

စက်တင်ဘာ ပထမပတ်ကစလို့ ရာဂီတိုင်ဖွန်းမုန်းတိုင်းကြောင့် မြန်မာနိုင်ငံဒေသအများစုမှာ မိုးအဆက်မပြတ် ရွာပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ 

သပြေပင်ကျေးရွာဟာ ရေကြီး တောင်ပြိုကာ လူနေအိမ်တွေကို မြေကြီးတွေ ဖုံးသွားတဲ့အထိ ဖြစ်သွားတာ ကြောင့် နေအိမ် ၂၅၀ ကျော် ပျက်စီးပြီး လူ ၃၀ ကျော်သေဆုံးခဲ့ပါတယ်။ 

စက်တင်ဘာ ၁၀ ရက် ည ၈ နာရီလောက်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး သဲဖြူချောင်းနဲ့ ဆူးပုတ်ချောင်းမှာ ရေတက်စပြုလာတာပါ။ သပြေပင်ရွာက လူတွေဟာ ကုန်မြင့်ရာအရပ်နဲ့ နေအိမ်အမြင့်တွေဆီကို ပစ္စည်းတွေ စတင်ရွှေ့ပြောင်းကြပါတယ်။

အခုလိုချောင်းရေတက်လာတာဟာ ပုံမှန်အခြေအနေလို့ ယူဆတာကြောင့်လည်း ဒေသခံတွေက အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ရေလွတ်ရုံသာပြောင်းရွှေ့လိုက်ကြတာပါ။

ဒါပေမဲ့ ရုတ်တရက်ဆိုသလို ချောင်းရေက ပိုများလာပြီး ရေနဲ့အတူ တောင်ပြိုပြီး မြေကြီးတွေ၊ သစ်ပင်တွေပါ မျောပါလာကာ လူနေအိမ်တွေကို ဝင်တိုက်ပါတော့တယ်။ 

အဲဒီညက ကြုံခဲ့ရတဲ့အခြေအနေကို သပြေပင်ကျေးရွာမှ ဒေသခံလူငယ်တဦးက အခုလို မှတ်ချက်ပြုပါတယ်။

"အဲဒီညက သပြေပင်ရွာဟာ ကမ္ဘာပျက်တဲ့ညတညပါပဲ" 

သဲဖြူချောင်းနဲ့ ဆူးပုတ်ချောင်းမှာ ရွှေထွက်တယ်ဆိုတာကြောင့် ၁၉၉၀ လောက်မှာ ရွှေရှာတဲ့သူတွေ ရောက်လာကြရာကနေ သပြေပင်ကျေးရွာဖြစ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။ သဲဖြူချောင်းနဲ့ ဆူးပုတ်ချောင်းဆုံက သပြေပင်ကြီးတပင်ကို အစွဲပြုပြီ သပြေပင်ရွာလို့ ခေါ်ခဲ့ကြတာပါ။ 

ရေကြီးမြေပြိုလို့ ချောင်းကမ်းပါးအနိမ့်ပိုင်းမှာရှိတဲ့ လူနေအိမ်တွေဟာ လုံးဝပျက်စီးသွားပြီး တောင်ကုန်း အမြင့်ပိုင်းနေအိမ်အချို့ပဲ ကျန်ရှိခဲ့ရတာပါ။ လက်ရှိတော့ သပြေပင်ကျေးရွာဟာ ရွှံ့နွံဖုံးနေတဲ့ ကွင်းပြင်တခုလို ဖြစ်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လူနေအိမ်တွေပါ ပျက်စီးသွားတဲ့ လူတွေကတော့ ကုန်းမြင့်ပိုင်းမှာရှိနေပြီးမပျက်စီးဘဲကျန်ခဲ့တဲ့ သပြေပင် အခြေခံပညာ မူလတန်းကျောင်းနဲ့ အေးမြချမ်းသာရွှေပြည်သာကျောင်းဘုန်းတော်ကြီးကျောင်းတို့မှာ လူဦးရေ ၂,၀၀၀ ကျော်လောက်က စုပေါင်းနေထိုင်စားသောက်နေကြပြီး ဒေသတွင်း အလှူရှင်တွေနဲ့ အနယ်နယ် အရပ်ရပ်ကအလှူရှင်တွေက စားနပ်ရိက္ခာနဲ့အဝတ်အထည်တွေ =လှူဒါန်းပေးခဲ့ကြတယ်။

ရေဘေးကြောင့်ပျက်စီးသွားတဲ့ သပြေပင်ရွာကို ရွာသစ်ပြန်တည်နိုင်ဖို့ သပြေပင်ကျေးရွာမှာ သပြေပင်ပရဟိတ ရေဘေးကူညီကယ်ဆယ်ရေးအသင်း ဖွဲ့လိုက်ပါတယ်။ ပြီးတော့ ရမည်းသင်းမြို့၊ ရွာတန်းဂိတ်အနီး၊ ရွှေစည်းခုံရပ်ကွက်၊ ရွှေမြင်တင်လမ်းဘေးမှာ အလှူခန်းစခန်းဖွင့်ပြီး အလှူခံတာတွေနဲ့ လာရောက်လှူဒါန်းတဲ့အလှူရှင်တွေကို သပြေပင်ရွာဆီ လမ်းပြလုပ်ဆောင်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ အဲဒီပရဟိတအသင်းက ဆိုပါတယ်။

"လူကြီးတွေကတော့ လာကြည့်ကြတယ်။ ရွာပြန်တည်ဖို့ နေရာရှာတာတွေကို ညှိနှိုင်းနေကြတယ်" လို့လည်း သပြေပင်ရဟိတ ရေဘေးကူညီကယ်ဆယ်ရေး အသင်းတာဝန်ရှိသူကလည်း ပြောပါတယ်။

သက်ဆိုင်ရာက နေရာပေးပြီး ရွာပြန်တည်ဖို့ဆိုရင်လည်း ကုန်းမြင့်ပိုင်းနေရာတွေမှာသာ မြေနေရာပေးစေလိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ရွာသားတွေကတော့ ခုအဖြစ်အပျက်တွေကြောင့် ရေဆိုတဲ့အသံကိုကြောက်နေပြီ။ ခုနေရာမှာတော့ မနေလိုကြတော့ဘူး။ ကုန်းမြင့်ပိုင်းမှာသာ နေလိုကြပြီး နောက်မှာ ခုရေကြီး မြေပြိုပျက်စီးခဲ့တဲ့ ချောင်းကမ်းပါးဘေးမှာ ယာယီပုံစံမျိုးနဲ့ မူလအလုပ်ပဲ ပြန်လုပ်မယ်ဆိုတဲ့ သဘောရှိတယ် " လို့ အဲဒီရွာက အသက် ၃၀ ကျော် လူငယ်တဦးကလည်း ဆိုပါတယ်။

ရမည်သင်းမြို့နဲ့ သပြေပင်ကျေးရွာဟာ ၁၆ မိုင်လောက်ဝေးပြီ မူလက ကား၊ ဆိုင်ကယ်တွေ သွားလို့ရပြီး အများဆုံးမိနစ် ၃၀ ခန့်သာ သွားလာခဲ့ကြရတာပါ။ ခုတော့ ဆက်သွယ်ရေးလမ်းတွေ၊ တံတားတွေလည်း ပျက်စီးသွားတာကြောင့် ကားအမြင့်တွေသာ သွားလာရပြီး အနည်းဆုံး ၄ နာရီ ၅ နာရီ လောက်သွားကြရတယ်လို့ ဆိုပါတယ်။ 

ဒီလမ်းတံတား အပျက်အစီးတွေကို ဒီနေ့အထိ ဘယ်သူကမှ လာရောက်ရှင်းလင်းပြင်ဆင်ပေးတာ မရှိသေးပါဘူး။ 

စစ်ကောင်စီက ရေဘေးသင့်ပြည်သူတွေကို နေရပ်မြန်မြန်ပြန်ဖို့နဲ့ နေအိမ်တွေမှာနေကြဖို့ တိုက်တွန်းနေပေမယ့် သပြေပင်ရွာသားတွေကတော့ ပြန်စရာနေအိမ်တွေ မရှိတော့သလို ရွာလည်းပျောက်ဆုံးလို့သွားပါပြီ။ 

တိုင်းပြည်ကို အုပ်ချုပ်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့တသိုက် တတိုင်း ပြည်လုံးမဆိုထားနဲ့ သပြေပင်ရွာလေးကိုပင် အသစ်ပြန်လည် တည်ဆောက်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

#မြေလတ်အသံ

#သန်းခေါင်စာရင်း #ရမည်းသင်း #သပြေပင်ရွာ #ရာဂီ #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10