အိုးဝေမောင်းသူတွေ မကြာခဏသတ်ခံနေရလို့ ခရီးသည်ရွေးပြီးလက်ခံနေရ    ■ ပုသိမ်ကြီးကပြန်လာတဲ့ အိုးဝေယာဥ်မောင်းတဦးလည်း ပျောက်နေ

အိုးဝေမောင်းသူတွေ မကြာခဏသတ်ခံနေရလို့ ခရီးသည်ရွေးပြီးလက်ခံနေရ ■ ပုသိမ်ကြီးကပြန်လာတဲ့ အိုးဝေယာဥ်မောင်းတဦးလည်း ပျောက်နေ

 

မန္တလေးတိုင်းထဲမှာ အိုးဝေယာဉ်မောင်းသူတွေအသတ်ခံရမှုများလာပြီးနောက်ပိုင်း ယာဉ်မောင်းသူတွေ အရင်ကလို ခရီးသည်အားလုံးကိုမတင်တော့ဘဲ သူတို့ရဲ့အသိမိတ်ဆွေတချို့ ကိုသာ တင်တော့တယ်လို့ ဆိုပါတယ်။

အိုးဝေယာဉ်မောင်းသူနဲ့ အိုးဝေယာဉ်တွေ မကြာခဏအလုခံ၊ အသတ်ခံရလို့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုင်တန်းခဲ့ပေမဲ့လည်း အရေးယူဆောင်ရွက်ပေးခြင်းမျိုးမရှိတဲ့အတွက် အခုလို ခရီးသည် ပို့ဆောင်မှုကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလိုတွေ အသတ်ခံရ အလုခံရလို့ တောင်းဆိုမှုကလုပ်လို့လည်းမရပါဘူး။ တိုင်းပြည်အနေအထားကိုယ်က တရားဥပဒေစိုးမိုးမှုနည်းနေတဲ့ အနေအထားကြီး ဖြစ်နေတာကို။ အခုနောက်ပိုင်း ကျနော်တို့က ကိုယ့်အသိအလိမ္မာနဲ့ ကိုယ်ပေါ့။ ဒီလိုဖြစ်ပြီးနောက်ပိုင်း လူပြတ်တဲ့နေရာတို့ဘာတို့ဆို မလိုက်တော့ဘူး။ အစွန်အဖျားတွေ ရပ်ကွက်သိပ်ပြီးမသန့်ဘူးထင်တဲ့နေရာတွေဆို မလိုက်ကြတော့ဘူး။” လို့ အိုးဝေမောင်းသူတဦးက ပြောပါတယ်။

အခုလို ခရီးသည်တွေကန့်သတ်လိုက်ရတဲ့အတွက် မိသားစုစားဝတ်နေရေးဟာ အရင်လိုပိုလျှံတာမျိုးတွေမရှိတော့ဘဲ ပုံမှန်အဆင်ပြေရုံလောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရွာကနေ အိုးဝေမောင်းပြီး အိမ်ပြန်လာတဲ့ ကိုညီညီအောင်ဟာ စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲလောက်မှာ မိသားစုနဲ့ အဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စိန်ပန်းရပ်ကွက်မှာနေတဲ့ ကိုညီညီအောင်ဟာ ပုသိမ်ကြီးနယ်က တူဖြစ်သူဆီကနေပြန်လာချိန် မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်သွားတာ ဖြစ်ပါတယ်။ သူဟာအိုးဝေယာဥ်မောင်းပြီး မိသားစုကိုရှာကျွေးနေသူဖြစ်သလို သူ့မှာအသက်မပြည့်သေးတဲ့ သားတယောက် သမီးတယောက်ရှိတယ်လို့လည်း ဆိုပါတယ်။

“သူ့တူတွေက နေရာအနှံ့မှာဖြစ်ပေါ်နေတဲ့ ရေဘေးအတွက် ကူညီရေးလုပ်နေကြတော့ သူက သူ့တူတွေဆီသွားပြီးတော့ ပါဆယ်ပစ္စည်းထုပ်တွေ သွားပို့ပြီးတော့ ဒီဘက်ကိုအပြန် အဲလိုဖြစ်တာပဲ။ သူ့တူတွေကလည်း အခုလိုတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် သူ့ကိုစောစောပြန်လွှတ်တာ။ ခါတိုင်းဆို သူက ၈ နာရီ ၉ နာရီမှ ပြန်နေကျဆိုတော့ အဲတုန်းက ဘာမှမဖြစ်သေးဘူး အခုမှဖြစ်သွားတာ။” လို့မန္တလေးမြို့ခံတဦးက ပြောပါတယ်။

ကိုညီညီအောင်ကို စစ်အုပ်စုက ဖမ်းဆီးသွားတာလား၊ လုယက်တဲ့သူတွေနဲ့ တွေ့ပြီး လုယက်မှုဖြစ်ပွားခဲ့လို့ ပျောက်ဆုံးနေတာလား ဆိုတာကိုတော့ အတိအကျမသိရသေးသလို မိသားစုဝင်တွေနဲ့လည်း အခုချိန်ထိ အဆက်သွယ်မရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးက အိုးဝေယာဉ်မောင်းနှင်သူ ၅ ဦးထက်မနည်း အသတ်ခံလိုက်ရပြီး အခုချိန်ထိလည်း တရားခံကို ဖမ်းဆီးရမိတာမျိုးတွေမရှိသေးဘူးလို့ ဆိုပါတယ်။

ပုံစာ - ပုသိမ်ကြီးမြို့နယ်မှ အပြန် အိုးဝေနဲ့အတူပျောက်နေသည့် စိန်ပန်းရပ်ကွက်နေ ကိုညီညီအောင်နှင့် သူ၏ အိုးဝေသုံးဘီးယာဉ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #အိုးဝေ #ယာဉ်မောင်း #ပျောက်ဆုံး #မှုခင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10